လျှပ်စစ်လှေနဲ့အတူ နည်းပညာမြင့်ခြေတစ်လှမ်း ထပ်လှမ်းလိုက်တဲ့ Porsche

လျှပ်စစ်လှေနဲ့အတူ နည်းပညာမြင့်ခြေတစ်လှမ်း ထပ်လှမ်းလိုက်တဲ့ Porsche

 

    Porsche ဆိုတာကို ကြားဖူးကြမည်ထင်သည်။ မြန်မာမှာတော့  သူ့ကိုပေါ်ရှေးဟုခေါ်ကြသည်။ သူအဓိက ထုတ်လုပ်သည်က မော်တော်ကားများ ဖြစ်သည်။

မော်တော်ကားများ ထုတ်လုပ်ရာမှာတော့ စွမ်းဆောင်ရည်မြင့်ပြိုင်ကားများ၊ ဇိမ်ခံကားများကို အဓိကထား ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ အခုတော့ ပေါ်ရှေးက မော်တော်ကားတင်မကဘဲ လှေများကိုပါ ထုတ်လုပ်တော့မည်ဖြစ်သည်။

ပေါ်ရှေးက   လှေများထုတ်လုပ်ဖို့ အတွက်   ဖရောင်ရှာသင်္ဘောကျင်းနဲ့ လက်တွဲလိုက်သည်။  ပေါ်ရှေးက လှေကိုထုတ်လုပ်မယ်ဆိုတော့ ပေါ့သေးသေးတော့ မဖြစ်တန်ရာ။

ဟုတ်ပါသည်။ ပေါ်ရှေးက ထုတ်လုပ်မယ့်လှေက လျှပ်စစ်စွမ်းအင်သုံး အမြန်သွားလှေဖြစ်သည်။ မကြာမီ ထုတ်လုပ်တော့မယ့် ပေါ်ရှေးကုမ္ပဏီထုတ် Macan EV အမည်ရှိ   လျှပ်စစ်ကားရဲ့ မောင်းနှင်မှု နည်းပညာကို အသုံးပြုထားသည်။

သူတို့ထုတ်လုပ်မယ့်  လျှပ်စစ်လှေကို eFantom လို့နာမည်ပေးထားသည်။ အခုတော့ ပထမဆုံးတစ်စီးကို ထုတ်လုပ်ထားပြီဖြစ်ပြီး စမ်းသပ်မောင်းနှင်မှုကို အီတလီနိုင်ငံမှာ လုပ်ဆောင်နေသည်။

Macan EVကားရဲ့ စွမ်းဆောင်ရည်တွေကို eFantom မှာ အသုံးပြုထားတဲ့အတွက် ကုန်းပေါ်မှာခံစားရတဲ့မောင်းနှင်မှု အရသာကို ရေထဲမှာလည်း ခံစားရစေမယ်လို့ ယုံကြည်ရသည်။

ဖရောင်ရှာသင်္ဘောကျင်းကတော့ ပေါ်ရှေးတို့ဖန်တီးထားတဲ့ နည်းပညာနဲ့လှေကို သူတို့ရဲ့သင်္ဘောကျင်းမှာ  ထုတ်လုပ်ပေးမည်။ ဒါ့အပြင် ရောင်းချပြီးနောက်ပိုင်း ပေးရတဲ့ဝန်ဆောင်မှုကိုလည်း သူတို့ကပေးမည်။ ရောင်းချရမှုအတွက် သယ်ယူပို့ဆောင်ရေးကိုလည်း သူတို့က လုပ်ပေးမည်။

ပေါ်ရှေးဘက်က တာဝန်ယူထားတာက သူတို့ရဲ့ကားတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ သီးသန့်ဆန်လွန်းတဲ့ ဒီဇိုင်းတွေကို လှေမှာလည်း ခံစားရအောင် လုပ်ဆောင်ပေးရမှာဖြစ်သည်။

ပေါ်ရှေးကဖန်တီးထားတဲ့လှေရဲ့ ရှေ့လေကာမှန်က ဘေးပေါင်မပါ။ နေကာမှန်အမျိုးအစားဖြစ်ပြီး အနက်ရောင်နဲ့ပြောင်လက်နေတဲ့ အမောင်းခန်းရဲ့ရှေ့မှာ တပ်ဆင်ထားသည်။ ယာဉ်မောင်းခန်းရဲ့ ရှေ့တည့်တည့်အပေါ်ဘက်ခြမ်းမှာ ဒိုင်ခွက်ငါးခုပါသည်။ အဲဒီဒိုင်ခွက်တွေက ပေါ်ရှေးပြိုင်ကားမှာပါတဲ့    ဒိုင်ခွက်တွေအတိုင်း တစ်ပုံစံတည်းဖြစ်သည်။

စတီယာရင်ဆိုရင်လည်း  သူ့ကားတွေမှာပါတဲ့ စတီယာရင်ပုံစံအတိုင်း လုပ်ထားတာဖြစ်ပြီး ပင်လယ်ရေနဲ့ ကိုက်ညီတဲ့အသားနဲ့ ဖန်တီးထားတာဖြစ်သည်။

eFantom  ဖြစ်လာစေဖို့အတွက် အခြေခံကိုယ်ထည် ဒီဇိုင်းက ဖရောင်ရှာသင်္ဘောကျင်းက ထုတ်တဲ့  858 Fantom Airမှလာခြင်းဖြစ်သည်။ ဒါကြောင့် အပြင်ပန်းပုံစံက 858 Fantom Air နဲ့တူသည်။

အလျား ၈ ဒသမ ၆၇ မီတာနဲ့ ဗျက် ၂ ဒသမ ၄၉ မီတာရှိတဲ့အတွက် ခရီးသည် ကိုးယောက်လောက်ကတော့ အသာလေး ဆံ့သည်။

ခေတ်မီဇိမ်ခံလှေတွေမှာ တွေ့ရလေ့ရှိတဲ့ ပင်လယ်ထဲရေဆင်းကူးနိုင်မယ့် နေရာတစ်ခုနဲ့ နေပူဆာလှုံနိုင်မယ့် နေရာနှစ်ခုကို လှေရဲ့နောက်ဘက်ပိုင်းမှာ ထည့်သွင်းထားသည်။

အပေါ်မှာပြောခဲ့တဲ့ ယာဉ်မောင်းခန်းကိုတော့ ရှေ့ဘက်မှာထည့်ထားတာ မဟုတ်ဘဲ နောက်ဘက်မှာ ထည့်ထားတာဖြစ်ပြီး သူ့ကို အလယ်လျှောက်လမ်းနဲ့ ဆက်ထားသည်။

ရှေ့ဘက်ပိုင်းမှာတော့ အနားယူအပန်းဖြေနိုင်ဖို့အတွက်   နေရာနှစ်ခုပါသည်။ ထိုင်ခုံများကိုလည်း အကြမ်းခံ သားရေနဲ့ ချုပ်လုပ်ထားသည်။

အမြန်သွားနဲ့ ဇိမ်ခံဖြစ်တဲ့အလျောက် ဝယ်ယူသူများအနေနဲ့ သူတို့ရဲ့လှေအတွက် လိုချင်တာတွေကို ထပ်ဖြည့်ထည့်နိုင်သေးသည်။ အားလုံးကတော့ အဆင့်မြင့်ပစ္စည်းများသာ ဖြစ်မည်။

ပေါ်ရှေးက  လမ်းမပေါ်မှာသွားမယ့် ယာဉ်တွေအတွက် ဖန်တီးထားတဲ့ မောင်းနှင်မှုနည်းပညာကို ရေယာဉ်မှာ အသုံးပြုနိုင်စေရေးအတွက်   အဆင့်မြှင့်တင်မှုများကို လုပ်ထားသည်။

ဒီအတွက် eFantom  မှာ အသုံးပြုထားတဲ့ အစိတ်အပိုင်းတချို့က Premium Platform Electric - PPE မှ အစိတ်အပိုင်း များကို အသုံးပြုထားခြင်းဖြစ်သည်။

PPE ဆိုသည်မှာ ပေါ်ရှေးနဲ့အော်ဒီတို့က သူတို့ရဲ့လျှပ်စစ်ကားများအတွက် သီးသန့်ဖြစ်အောင် ပူးတွဲထုတ်လုပ်ထားတဲ့ နည်းပညာဖြစ်သည်။ ပေါ်ရှေးက အခုထုတ်မယ့် Macan  လျှပ်စစ်ကားမှာဆိုရင်လည်း ဒီနည်းပညာကိုသာ အသုံးပြုထားခြင်းဖြစ်သည်။

eFantom က လျှပ်စစ်စွမ်းအင်သုံး လှေဖြစ်တဲ့အတွက် သူ့မှာအသုံးပြုထားတာက လျှပ်စစ်မော်တာဖြစ်သည်။ အမြင့်ဆုံး ထုတ်ပေးနိုင်တဲ့စွမ်းရည်က ၄၀၀ ကီလိုဝပ်ဖြစ်သည်။

လျှပ်စစ်မော်တာကနေ ထွက်လာတဲ့စွမ်းအင်ကို  ဝင်ရိုးတန်းကနေတစ်ဆင့် တွန်းကန်အားစနစ်ဆီ ပို့ပေးခြင်းဖြစ်သည်။

လျှပ်စစ်မော်တာကိုတော့ လှေရဲ့နောက်ပိုင်းမှာထားထားခြင်းဖြစ်သည်။ ထိန်းချုပ်စနစ်များကိုတော့ ပေါ်ရှေး တံဆိပ်ခတ်နှိပ်ထားတဲ့ ဘောက်ထဲမှာ ထည့်ထားသည်။

လျှပ်စစ်မော်တာကို   စွမ်းအင်ပေးဖို့အတွက်   အသုံးပြုထားတဲ့ ဘက်ထရီက ၁၀၀ ကီလိုဝပ်နာရီရှိတဲ့ လီသီယံဘက်ထရီ ဖြစ်သည်။ Macan လျှပ်စစ်ကားမှာလည်း ဒီဘက်ထရီကိုသာ  အသုံးပြုထားခြင်းဖြစ်သည်။

အောက်ပိုင်းစနစ်အတွက်ကတော့ eFantom ဝိုင်ယာကြိုးစနစ်ကို တပ်ဆင်ထားသည်။ ဒီစနစ်က လှေအနေနဲ့ မြင့်မားတဲ့ အမြန်နှုန်းနဲ့ လှိုင်းနှုန်းများကြားမှာ ခရီးသွားနေစဉ်   မလွဲမသွေကြုံတွေ့ရမယ့် လှိုင်းရိုက်မှုဒဏ်ကို စုပ်ယူပေးထားနိုင်မည် ဖြစ်သည်။

ပေါ်ရှေးကားတွေမှာ မောင်းနှင်နိုင်တဲ့ပုံစံ ကွာသွားတာနဲ့အမျှ ကားရဲ့စွမ်းဆောင်ရည်ပိုင်း ကွာခြားသွားသလို eFantom မှာလည်း အလားတူ ကွဲပြားတဲ့မောင်းနှင်မှု ပုံစံများကို ထည့်သွင်းပေးထားသည်။

အဲဒီမောင်းနှင်မှုပုံစံတွေကတော့ ကမ်းကပ်ခြင်း၊ အဝေးသွားခြင်း၊ အမြန်မောင်းခြင်းနှင့် ထပ်ဆောင်းအမြန်မောင်းခြင်း ပုံစံများဖြစ်ပြီး  ပုံစံတစ်ခုချင်းစီမှာ  မတူညီတဲ့ အမြန်နှုန်းများရှိသည်။

eFantom     မှာပါတဲ့  ဘက်ထရီကို အားအပြည့်သွင်းထားပြီး သူ့ရဲ့သတ်မှတ် စံပြုအမြန်နှုန်းဖြစ်တဲ့ တစ်နာရီ ၂၅ မိုင်နှုန်းနဲ့ သွားမယ်ဆိုရင် တစ်နာရီကြာ သို့မဟုတ် ၂၇ မိုင်လောက်အထိ ခရီးနှင်နိုင်မယ်လို့ ပေါ်ရှေးဘက်က ထုတ်ပြန်ထားသည်။

သူသွားနိုင်တဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို  ၈၅  မိုင်နှုန်းဖြစ်သည်။ ဒီအမြန်နှုန်းကို ထပ်ဆောင်း အမြန်မောင်း ပုံစံမှာသာရရှိနိုင်သည်။ ဒီပုံစံနဲ့ သွားမယ်ဆိုရင်တော့ ၆၂ မိုင်လောက်အထိ ခရီးပေါက်နိုင်သည်။

လျှပ်စစ်လှေကို အားသွင်းဖို့အတွက်ကျတော့ ၂၅၀ ကီလိုဝပ်ရှိတဲ့ အမြန်အားသွင်း စနစ်ကိုအသုံးပြုထားသည်။  နည်းပညာကတော့ ပေါ်ရှေးမှဖြစ်ပြီး ၈၀၀ ဗို့အားကို အသုံးပြုထားခြင်းဖြစ်သည်။  ဒီအတွက်ကြောင့် ဘက်ထရီစွမ်းအင် ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို မိနစ် ၃၀ အောက်နဲ့ရရှိနိုင်စေမည်။

eFantom  နဲ့အတူ တစ်ပါတည်းပါဝင်လာမယ့် အားသွင်းစက်က ၁၁ ကီလိုဝပ်စက်ကလေးဖြစ်သည်။ သူနဲ့အားသွင်းရင်တော့ အချိန်တော်တော်ကြာကြာ ပေးရမည်ဖြစ်သည်။ eFantom  ကိုပထမဆုံး အထူးထုတ်အနေနဲ့ ၂၅ စင်းသာထုတ်လုပ်သွားဖို့ စီစဉ်ထားသည်။ အမှာစာကိုတော့ ဖရောင်ရှာကနေတစ်ဆင့်တင်ရမည်။

eFantom   တစ်စင်းအတွက်  ကနဦးဈေးနှုန်းကို ယူရို ၅၆၁၇၀၀ သတ်မှတ်ထားသည်။ ပထမဆုံးသောဝယ်ယူသူများ အနေနဲ့ သူတို့ရဲ့ eFantom ကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ရရှိသွားမည်ဖြစ်သည်။