အတုအပစုံလင် ကမ္ဘာတစ်ခွင် ဘယ်လိုဖြေရှင်းကြမလဲ

အတုသည် အစစ်မဟုတ်ပေ။ မူလရှိပြီးသားအစစ်ကို တုပထားလျှင် အတုဟု လွယ်လွယ်မှတ်နိုင်ကြသည်။ ကုန်ပစ္စည်း ကြော်ငြာများတွင် အတုအပသတိပြုဟူသော စာတန်းထိုးကြော်ငြာသည်များကို လည်းတွေ့ရ သည်။ ကုန်ပစ္စည်းတစ်ခု၊ ဆေးဝါးအမျိုးအမည်တစ်မျိုး စသည့် မူလထုတ်လုပ်သော ပစ္စည်းအစစ်နာမည် ရလာလျှင်၊ ကောင်းသတင်းဖြင့် ကျော်စောလာလျှင် ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်နိုင်ခြင်းမရှိသူများက တုပပြု လုပ်တတ်သည်။

အစစ်ကိုမမီသဖြင့် အတုကိုဝယ်မှားမိ သူတို့ဒုက္ခရောက်တတ်သည်။ အစားအသောက်၊ ဆေးဝါး စသည်တို့ကို အစစ်နှင့် အရာရာအပြည့်အဝတူအောင် မထုတ်လုပ်နိုင်လျှင် ထိုအစားအသောက်အတု၊ ဆေးဝါးအတုကို မှီဝဲမိသူများ ဘေးထွက်ဆိုးကျိုးဒဏ်ကိုခံရနိုင်သည်။ ဆိုးရွားသော အတုများသည် အဆိပ်ဖြစ်သည်အထိ လူတို့၏ အသက်ခန္ဓာကိုပင်  ဆုံးရှုံးစေနိုင်သည်။ 

ကုန်ပစ္စည်းများကို စတင်တီထွင်ထုတ် လုပ်ရောင်းချမည့်သူများက အစိုးရ (မူပိုင်ခွင့်) မှတ်ပုံတင်ရုံးများသို့  သွားရောက် မှတ်ပုံတင်ထားကြရသည်။ ကုန်ပစ္စည်း အမည်၊ အမှတ်တံဆိပ် (Trade Mark) ကအစ မှတ်ပုံတင်ကြသည်။ မှတ်ပုံတင် ထားပြီးဖြစ်ကြောင်း စာနယ်ဇင်းများတွင် ကြော်ငြာနေကြသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်များမှအစ အန္တရာယ်ရှိ၊ မရှိ ဓာတု ဗေဒနည်းဖြင့် စမ်းသပ်စစ်ဆေးပြီး ခွင့်ပြု သင့်က ခွင့်ပြု၊ ခွင့်မပြုသင့်က ပယ်ချရန် အစိုးရက အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)များကို ဖွင့်လှစ်ပေးထားရသည်။ မူလစတင်ထုတ်လုပ်သည့် ပစ္စည်းများသည် FDA ၏ စစ်ဆေး ခွင့်ပြုပြီးဖြစ်ကြောင်း ခွင့်ပြု မှတ်ပုံတင် အမှတ်များ ပါရသည်။

သက်ဆိုင်ရာမှ အန္တရာယ်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်ရရှိထားပြီးသည့် ကုန်ပစ္စည်းကိုပင် မူလ အစစ်တွင်ပါဝင်သော ပစ္စည်းအမျိုးအမည်၊ အလေးချိန် မတူဘဲ ဖြစ်ကတတ်ဆန်း တုပရောင်းချခြင်းများ၊ FDA သို့ သွားရောက်စစ်ဆေး စိစစ်ခံခြင်းမပြုဘဲ ဖြန့်ဖြူးရောင်းချသူများကလည်း များပြားသည်။

သက်ဆိုင်ရာက ဈေးများ၊ ဆိုင်များသို့ သွားရောက်ကာ ဆိုင်တင်ရောင်းချနေသည့် မှတ်ပုံတင် စစ်ဆေး စိစစ်ခြင်းမပြုသော ပစ္စည်းများ၊ မှတ်ပုံတင်ပြီးအစစ်အား တုပထုတ်လုပ်ရောင်းချသူများကို စစ်ဆေးဖော် ထုတ်အရေးယူသော သတင်းများ မကြာခဏကြားနေရပေသည်။ ပစ္စည်းအတုကို သာမက လူအတုများလည်း ပေါ်ပေါက်ခဲ့ သည်။ ခေတ်အဆက်ဆက်သတင်းစာများ ကို  ဖတ်ရှုမည်ဆိုပါက  ဆရာဝန်အတု (ရမ်းကု) ကို ဖမ်းမိသောသတင်း၊  စစ်ဗိုလ် အတုကို  ဖမ်းမိသောသတင်း၊  သင်္ကန်း အရေခြုံ ဘုန်းကြီးအတုသတင်း၊ ရဲအတု၊ လဝကအရာရှိအတု၊ သတင်းထောက် အတု၊ စစ်ဆေးရေးအရာရှိအတု၊ အကောက်ခွန်အရာရှိအတု၊ ပြည်တွင်း အခွန်ဝန်ထမ်းအတုနှင့် စည်ပင်သာယာ ဝန်ထမ်းအတုများ၏ သတင်းများကို တွေ့ရပေသည်။

အလားတူ တရုတ်နိုင်ငံ၌ ရွှေတုံးအတုများ ပျံ့နှံ့နေ၍ မြန်မာနိုင်ငံ၌လည်း ဝယ်ယူသူများအနေဖြင့် ပုံမှန် မဟုတ်သည့် ရောင်းဝယ်မှုများကို သတိထားကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ချုပ်က သတိပေး ထားသည်။ တရုတ်နိုင်ငံ၌ ကြေးနီတုံးကို ရွှေအုပ်ထားသည့် ရွှေအတုများ ပေါင်နှံ၊ ရောင်းချခြင်းများ ဖြစ်ပေါ် နေ သဖြင့် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေသော အိမ်နီးချင်းမြန်မာနိုင်ငံသို့ ရွှေတုံးအတုများ ဝင်ရောက်လာနိုင်ခြင်းကြောင့် သတိပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံထုတ်မဟုတ်ဘဲ အင်္ဂလိပ်အက္ခရာ၊ တခြားတံဆိပ်များဖြင့် ရောင်းချခြင်းနှင့် ပြည်ပမှဝင်လာသည့် ပုံစံဖြစ်ပါက စစ်ဆေးပြီးမှ ဝယ်ယူသင့်သည်။ စစ်ဆေးသည့်အခါ မြန်မာနိုင်ငံ၌ အရည်အသွေးအပြင် ရွှေတုံး၏ အလယ်ကိုဖြတ်၍ စစ်ဆေးရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ မြန်မာနိုင်ငံ၌ ရွှေတုံးအတုများ မဝင်ရန်အတွက်လည်း ဝယ်ယူမှုကို စစ်ဆေးသင့်ပြီး လက်ရှိတွင် ရွှေတုံးအတုပြဿနာ မရှိသေးကြောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌လည်း ထိုသို့ ရွှေတုံးအတု ရောင်းချမှုများ မကြာမီက ဖြစ်ပွားခဲ့သေးကြောင်း ဦးမျိုးမြင့်ကပြောသည်။

အတုပြဿနာများသည် ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် နိုင်ငံတိုင်းရင်ဆိုင်နေရသော စိန်ခေါ်မှုကြီး ဖြစ်နေ သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှလည်း ကုန်ပစ္စည်း အတုအပများကို ထိရောက်စွာနှိမ်နင်းရန် နည်းလမ်း ရှာဖွေလျက်ရှိသည်။ ကုန်ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ် အတုပြဿနာများမှာ ပို၍ပင်ကြီးထွားလာသည်။ အကျိုးအမြတ်များစွာရရှိ၍ ရဲတင်းလာကြသည်။ အတုပြဿနာများကိုခြုံ၍ အကြမ်းဖျင်းခွဲခြားလျှင် အမျိုး အစားလေးမျိုးရှိသည်။ ကုန်ပစ္စည်း အတုပြုလုပ်ခြင်းနှင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်  ဆင်တူယိုးမှား သုံးစွဲခြင်း၊ ကုန်အမှတ်တံဆိပ်ကို  ယှဉ်ပြိုင်တင်သွင်း ခြင်းနှင့် သုံးစွဲခြင်းတို့ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ၌ အတုပြဿနာများကို နှိမ်နင်းရန် ဥပဒေများရေးဆွဲ ဆောင်ရွက်နေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံ၌ အသင့်ပြဋ္ဌာန်းထားသော ဥပဒေများ ရှိပြီးဖြစ်သည်။ တချို့သော ဥပဒေများသည် လွတ်လပ်ရေး မရမီကပင် ကြိုတင်ရေးဆွဲထားပြီးဖြစ်သည်ကို ထူးခြားစွာ တွေ့ရှိရသည်။ တချို့သောဥပဒေများသည် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လိုအပ်၍ ကြိုတင်မျှော်တွေးကာ ရေးဆွဲပြဋ္ဌာန်း ကျင့်သုံးလျက်ရှိ သည်။ ရာဇသတ်ကြီးဥပဒေ၊ အကောက်ခွန်ဥပဒေ၊ အမျိုးသားအစားအသောက်ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊  အမျိုးသားဆေးဝါးဥပဒေ၊ ဗဟိုဘဏ်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများသည် ထင်ရှားသည်။ တခြား ပြဋ္ဌာန်းထားသော ဥပဒေများသည်လည်း အလားတူအသက်ဝင်၍  စားသုံးသူများ ဘေးအန္တရာယ်ကင်း ရှင်းရေး၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းရှင်များကို ကာကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အတုပြဿနာများကို ဥပဒေအရ  ဖြေရှင်းရန်၊  နှိမ်နင်းရန် ဆောင်ရွက်လျက် ရှိသည်။

ကုန်ပစ္စည်းအတုများကို စားသုံးသူပြည်သူများသုံးစွဲ၍ အသက်သေဆုံးခြင်း၊ အဆိပ်မိခြင်း၊ နာတာရှည် ရောဂါဖြစ်ပွားခြင်းများ တွေ့ကြုံခံစားနေရသည်။ လူသုံး၊ အိမ်သုံးပစ္စည်းအတုများ ဈေးကွက်တွင် နေရာမရှိ စေရေး ပူးပေါင်းဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော၊ အကျိုး အမြတ်များများရလျှင်ပြီးရော သဘောမျိုးဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ မဆောင်ရွက်သော ပစ္စည်း အတုရောင်းချသူများကို ဥပဒေအရရော စားသုံးသူများကပါ  လက်မခံဘဲ ကျူးလွန်သူများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဖော်ထုတ်ကြရန်လိုသည်။ သို့မှသာ လူသုံး၊ အိမ်သုံးပစ္စည်းများကို အတုပြုလုပ် ရောင်းချ သောသူများ တဖြည်းဖြည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။

အလှကုန်ပစ္စည်းများတွင် ပြဒါး၊ ခဲ၊ စတီးရွိုက်၊ ခွင့်မပြုအသားဖြူဆေး၊ ခွင့်မပြုဆိုးဆေး စသည့် ဓာတုပစ္စည်း များနှင့် အန္တရာယ်ရှိပစ္စည်းများ ပါဝင်နေပါက သုံးစွဲသူပြည်သူများတွင် ဓာတ်မတည့်ခြင်း၊ အရေပြား၊ ကျောက်ကပ်နှင့် အသည်းတို့ ထိခိုက်ပျက်စီးခြင်းအပါအဝင် ရေတိုရေရှည်ဆိုးကျိုးများ ရရှိနိုင်သည်။ သုံးစွဲ ရန်မသင့်သည့် အလှကုန်ပစ္စည်းများ စာရင်းတွင် အသားဖြူမျက်နှာ လိမ်းဆေး၊ မျက်နှာပေါင်းတင်ခရင်မ်နှင့် နှုတ်ခမ်းဆိုးဆေးများပါဝင်ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်းမှာ အများစုဖြစ်သည်။ တချို့သော အလှကုန်ပစ္စည်းများမှာ တရားဝင်တင်သွင်းထားသည့် ပစ္စည်းများဖြစ်ပြီး သက်တမ်းကုန်ဆုံး သော်လည်း ပြန်လည်အသုံးမချနိုင်စေရန် ဖျက်ဆီးခြင်း မပြုသဖြင့် မသမာသူတချို့၏ လောဘကြောင့်   ဈေးကွက်အတွင်းဝင်လာကာ အထူးလျှော့ဈေးဖြင့် ရောင်းချလေ့ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဧပြီလအထိ အချက်အလက်များအရ အလှကုန်ပစ္စည်း ၂၀၈၇၇ မျိုးအထိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍  အလှကုန်ပစ္စည်း ၂၀၆၀ မျိုးကို ဓာတုဗေဒဆိုင်ရာ  စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းတို့အနက်၁၁၆ မျိုးတွင် ပြဒါး၊ ခွင့်မပြုအသားဖြူဆေး၊ စတီးရွိုက်နှင့် ခွင့်မပြုဆိုးဆေးတို့ ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘေးအန္တရာယ်ရှိသည့် အလှကုန်များ အဖြစ် အများပြည်သူထံ အသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများကိုလည်း အများပြည်သူသိရှိနိုင်ရန် အခါအားလျော်စွာ ထုတ်ပြန် ကြေညာပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပြန်ပေးမှုများအပေါ် ကြိုဆိုရမည်ဖြစ်သော်လည်း ယင်းအလှကုန်များ ကြောင့် နစ်နာမှုရှိခဲ့သည့် သုံးစွဲသူများအတွက်  မည်သူက တာဝန်ယူမည်နည်း၊ အလှကုန်ဈေးကွက် အတွင်းရှိ မည်သည့်ပစ္စည်းများကို ယုံယုံကြည်ကြည်ဖြင့် သုံးစွဲနိုင်မည်နည်းဟူသော မေးခွန်းများအတွက်  လုံလောက် သည့် အဖြေမရှိဖြစ်နေသည်။

အတုပြုလုပ်ရောင်းချသူများသည် နာမည်ကြီးကုန်အမှတ်တံဆိပ်များကိုသာ ပစ်မှတ်ထားကြသည်။ တန်ဖိုး ကြီးမားသော ကုန်ပစ္စည်းများကိုသာ တုပဆောင်ရွက်ကြသည်။ ဈေးကွက်ရှာဖွေစရာမလိုဘဲ အဆင်သင့် တုပရောင်းချကာ အကျိုးအမြတ် ကြီးမားစွာ ရရှိကြသည်။ ငွေစက္ကူအတုများ၊ လူသုံး၊ အိမ်သုံးပစ္စည်းအတုများ၊ ဆင်တူ ယိုးမှားအတုများ လှိုင်လှိုင်ပေါများနေကြ ခြင်းဖြစ်သည်။ အတုဈေးကွက်ကြီး သက် တမ်းရှည်ကြာစွာ ရပ်တည်နေနိုင်ခြင်းသည် ဈေးနှုန်းချိုသာခြင်း၊ နည်းပညာအဆင့်မြင့် မားလာခြင်း၊ စားသုံးသူများ၏ ဗဟုသုတ အားနည်းခြင်း၊ တစ်ဦးချင်းဝင်ငွေနည်းပါးခြင်း စသည့်အကြောင်းရင်းများကြောင့်လည်း ပါဝင်သည်။

လူသုံး၊ အိမ်သုံးပစ္စည်းနှင့်ပတ်သက်၍ အတုလား၊ အစစ်လားခွဲခြားရန် လွန်စွာခက်ခဲလာသည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အတုများသည် အစစ်နီးနီး ပြင်ပလက္ခဏာများတွင် အစစအရာရာ တူညီလာခဲ့ သည်။ ကုန်ပစ္စည်းအတုဖြစ်ကြောင်း ထောက်ခံချက်ကို အစိုးရ၏ တရားဝင်အဖွဲ့အစည်းဖြစ်သည့် မှုခင်းတပ်ဖွဲ့ (CID) ထံမှလည်းကောင်း၊ တရားဝင်ဖွဲ့စည်းထားသည့် ကုန်ပစ္စည်းစစ်ဆေး ရေးအဖွဲ့အစည်းများ၊ ဌာန ဆိုင်ရာများ၊ ကျွမ်းကျင်သူများ၊    သက်ဆိုင်ရာရုံးများ စသည်တို့မှလည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

စားသုံးသူပြည်သူများကို စေတနာထားသောအားဖြင့် ဘေးဥပဒ်အန္တရာယ်မရှိသော၊ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိသော မူရင်းပစ္စည်းများကိုသာ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်ရောင်းချကြရန်၊ စားသုံးသူ ပြည်သူများကို အန္တရာယ်ဖြစ်စေမည့် ကုန်ပစ္စည်းအတုများ ထုတ်လုပ်ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်အတုများ ပြုလုပ် ရောင်းချခြင်း၊ ဆင်တူယိုးမှားသုံးစွဲခြင်းနှင့် ကုန်အမှတ်တံဆိပ်များ ယှဉ်ပြိုင်ဆောင် ရွက်ခြင်းများ မပြု လုပ်ကြရန် စားသုံးသူများ ကိုယ်စိတ်နှလုံးအေးချမ်းစွာ၊ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်သည့် စစ်မှန်သော နိုင်ငံ တကာစံနှုန်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ပစ္စည်းအစစ်များကိုသာ တင်သွင်းတင်ပို့ ဖြန့်ဖြူးရောင်းချ ကြရန်နှင့် ကုန်ပစ္စည်းအတုပြဿနာများကြောင့် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် အားလုံးတွင် တာဝန်ရှိ သည်။

မြန်မာနိုင်ငံ၌ အန္တရာယ်ရှိအလှကုန် ပစ္စည်းများပြုလုပ်သူ၊ တရားမဝင်အလှကုန် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားသူများအပေါ် အရေးယူနိုင်သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေနှင့် စားသုံးသူအကာအကွယ် ပေးရေးဥပဒေများ ရှိပြီးသားဖြစ်ရာ တည်ဆဲဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးမှာ အရေး ကြီးသည့်အချက်ဖြစ်သည်။ သက်ဆိုင်ရာမှ ဈေးကွက်အတွင်း ထောက်လှမ်းစစ်ဆေးခြင်းများရှိသော်လည်း လုံလောက်သည့် ဝန်ထမ်းအင်အားနှင့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ လိုအပ်မှုရှိနေသေးသဖြင့် တရား မဝင်လမ်းကြောင်းမှတစ်ဆင့် ဈေးကွက်အတွင်းဝင်ရောက်နေသော အလှကုန်ပစ္စည်းများ ရှိနေဆဲဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် အလှကုန် ပစ္စည်းများကို ကြီးကြပ်ကွပ်ကဲရန်အတွက် FDA ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်ရန်မရနိုင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ပြည်သူလူထုများက ဝိုင်းဝန်းပံ့ပိုးကူညီပေးခြင်းနှင့် ကုန်ပစ္စည်းအတုများ ရောင်းဝယ်ဖောက်ကားသူများကို ထိရောက်သည့် အရေးယူခြင်းတို့ လုပ်ဆောင်နိုင်မှသာ အများပြည်သူ၏ ကျန်းမာရေးနှင့် စားသုံးသူအခွင့်အရေးများကို အကာအကွယ်ပေးရာ ရောက်မည်ဖြစ် ကြောင်း ရေးသားလိုက် ရပါသည်။   ။

မေယု-မျိုးအောင်(MANA)