AFC Futsal Asian Cup 2024 ပြိုင်ပွဲ အုပ်စုမဲခွဲရန် မဲအိုးသတ်မှတ်ချက်တွင် မြန်မာဖူဆယ်အသင်း မဲအိုးနံပါတ်(၃)တွင် ကျရောက်နေ

AFC Futsal Asian Cup 2024 ပြိုင်ပွဲ အုပ်စုမဲခွဲရန် မဲအိုးသတ်မှတ်ချက်တွင် မြန်မာဖူဆယ်အသင်း မဲအိုးနံပါတ်(၃)တွင် ကျရောက်နေ

ရန်ကုန်  အောက်တိုဘာ  ၁၄

 

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲရန် မဲအိုးသတ်မှတ်ချက်တွင်  မြန်မာဖူဆယ်အသင်း   မဲအိုးနံပါတ်(၃)တွင် ကျရောက်လျက်ရှိနေကြောင်း သိရသည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲကို လာမည့် ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်မှ ၂၈ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာဖူဆယ်အသင်းသည် ခြေစစ်ပွဲအဆင့်ကစားခဲ့ရာတွင်  တာဂျစ်ကစ္စတန် အသင်းကိုရှုံးနိမ့်ခဲ့သော်လည်း ပါလက်စတိုင်း အသင်းနှင့် အိန္ဒိယအသင်းတို့ကို အနိုင်ရရှိခဲ့ပြီးနောက်   အုပ်စုဒုတိယဖြင့်   ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲကို အာရှဒေသတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်ထိုင်းအသင်းက တိုက်ရိုက်ဝင်ခွင့်ရရှိထားပြီး အီရန်အသင်း၊ ဂျပန်အသင်း၊ ဥဇဘတ်ကစ္စတန်အသင်း၊ ကူဝိတ်အသင်း၊ တာဂျစ်ကစ္စတန်အသင်း၊ ဆော်ဒီအာရေဗျအသင်း၊ ဗီယက်နမ်အသင်း၊ အီရတ်အသင်း၊ ဘာရိန်းအသင်း၊ မြန်မာအသင်း၊ တောင်ကိုရီးယားအသင်း၊ အာဖဂန်နစ္စတန်အသင်း၊ သြစတြေးလျအသင်း၊ တရုတ်အသင်းနှင့် ကာဂျစ်စတန်အသင်းတို့က    ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲ အုပ်စုမဲခွဲရန်အတွက် မဲအိုးသတ်မှတ်ချက်တွင် မဲအိုးနံပါတ်(၁)တွင် အိမ်ရှင်ထိုင်းအသင်းနှင့်အတူ အီရန်အသင်း၊ ဂျပန်အသင်းနှင့် ဥဇဘတ်ကစ္စတန်အသင်း၊ မဲအိုးနံပါတ်(၂)တွင် ကူဝိတ်အသင်း၊ တာဂျစ်ကစ္စတန်အသင်း၊ ဆော်ဒီအာရေဗျအသင်းနှင့်  ဗီယက်နမ် အသင်း၊ မဲအိုးနံပါတ်(၃)တွင် အီရတ်အသင်း၊ ဘာရိန်းအသင်း၊   မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်း၊ မဲအိုးနံပါတ်(၄)တွင် အာဖဂန်နစ္စတန်အသင်း၊ သြစတြေးလျ အသင်း၊ တရုတ်အသင်းနှင့်  ကာဂျစ်စတန်အသင်းတို့ပါဝင်ခဲ့ကြသည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက်  အုပ်စုမဲခွဲမှုကို  လာမည့် ဒီဇင်ဘာလ ၁၄  ရက်တွင်  ထိုင်းနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်