တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏက စံချိန်အသစ်တစ်ခုသို့ရောက်ရှိ

တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏက စံချိန်အသစ်တစ်ခုသို့ရောက်ရှိ

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံရဲ့ပြည်ပကုန်သွယ်မှုပမာဏ  ဆက်လက်မြင့်တက်လာပြီး ဒီနှစ်အတွက် စံချိန်အသစ်တစ်ခုဆီ ရောက်ရှိလာတယ်လို့ တရားဝင်ကိန်းဂဏန်း အချက်အလက်များက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လအတွင်း ပြည်ပကုန်သွယ်မှု ပမာဏစုစုပေါင်းက ယွမ် ၃ ဒသမ ၇၄ ထရီလီယံအထိရောက်ရှိခဲ့ပြီး ဒါဟာ နှစ်လ ဆက်တိုက်ကုန်သွယ်မှုပမာဏမြင့်တက်ခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။

ဒီနှစ်ရဲ့ကိုးလတာကာလအတွင်း တရုတ်နိုင်ငံအနေနဲ့ ယွမ်ငွေအသုံးပြုတဲ့ကုန်ပစ္စည်းတင်သွင်းမှု၊ တင်ပို့မှုပမာဏ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး ယွမ် ၃၀ ဒသမ ၈ ထရီလီယံသာရှိခဲ့တာပါ။

အဲဒီထဲမှာမှ ပို့ကုန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကထက် သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာပြီး သွင်းကုန်တင်သွင်းမှုက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ဒီကိုးလအတွင်းမှာပဲ  ခါးပတ်ကွင်းနဲ့လမ်းကြောင်းစီမံကိန်းမှာ ပါဝင်တဲ့နိုင်ငံတွေနဲ့  တရုတ်နိုင်ငံတို့ကြား  ကုန်သွယ်မှုက ယွမ် ၁၄ ဒသမ ၃၂ ထရီလီယံရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၃ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက် လာပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည်ပကုန်သွယ်မှု ပမာဏအနက် ၄၆ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။

အဲဒီကာလအတွင်း   တရုတ်နိုင်ငံနဲ့ဖွံ့ဖြိုးဆဲနိုင်ငံများကြား ကုန်သွယ်မှုပမာဏက ပိုမိုမြင့်တက်ခဲ့တာပါ။  အထူးသဖြင့် အလယ်အာရှဒေသနဲ့ ကုန်သွယ်မှုပမာဏက ၃၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက် လာတာတွေ့ရပါတယ်။ တရုတ်နိုင်ငံကနေ အများဆုံး တင်ပို့နိုင်တာတွေက  စက်ပစ္စည်းများနဲ့ အီလက်ထရွန်နစ်ပစ္စည်းများ ဖြစ်ပါတယ်။ ပမာဏအားဖြင့် စုစုပေါင်းပို့ကုန်ပမာဏရဲ့ ၅၈ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်ကနေ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့မှာ ကျင်းပသွားဖို့စီစဉ်ထားပါသေးတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏဟာ ဆက်လက်မြင့်တက်လာမယ့် အနေအထားမှာ ရှိနေတာကို တွေ့ရပါတယ်။

Ref:Xinhua

ကိုထက်