နှစ်နိုင်ငံကြားလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ရရှိသွားပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ယူအေအီး

နှစ်နိုင်ငံကြားလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ရရှိသွားပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ယူအေအီး

တောင်ကိုရီးယားနိုင်ငံနဲ့ ယူအေအီးနိုင်ငံ တို့အနေနဲ့  နှစ်နိုင်ငံကြားလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို အောက်တို ဘာလ ၁၄ ရက်မှာ ရရှိသွားပြီလို့ ဆိုပါတယ်။

ဒီလိုမျိုးသဘောတူညီချက်ရရှိခြင်းဟာ နှစ်နိုင်ငံကြားကုန်သွယ်မှုကို တိုးမြင့်စေသည် သာမကဘဲ အလုံးစုံသော စီးပွားရေးအရ ဆက်ဆံရေးကိုလည်း တိုးတက်စေနိုင်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယားကုန်သွယ်ရေး ဝန်ကြီးက ပြောပါတယ်။

အဲဒီသဘောတူညီချက်ကို နှစ်နိုင်ငံကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လို့ ခေါ်ပါတယ်။ ဒီစာချုပ်ဟာ တောင်ကိုရီးယားနိုင်ငံအတွက် ၂၄ ခု မြောက် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်ပေမယ့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံတစ်နိုင်ငံနဲ့တော့ ပထမဆုံးချုပ်ဆိုတဲ့ စာချုပ်ဖြစ်ပါတယ်။

သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းကိုတော့  သက်ဆိုင်ရာနိုင်ငံအသီးသီးက ဥပဒေကြောင်းအရ လေ့လာသုံးသပ်မှုတွေ လုပ်ပြီးသွားချိန်  လာမယ့်နှစ်ပထမနှစ်ဝက် မှာ   ဆောင်ရွက်သွားဖို့ကို ရည်မှန်းထားပါ တယ်။

ဒီသဘောတူညီချက်အရ တောင်ကိုရီး ယားနိုင်ငံအနေနဲ့ ယူအေအီးနဲ့ကုန်သွယ်မှု ပြုလုပ်နေတဲ့ ကုန်ပစ္စည်းများအနက် ၉၂ ဒသမ ၈ ရာခိုင်နှုန်းကို  သွင်းကုန်အခွန် ကင်းလွတ်ခွင့်ပေးသွားမှာပါ။

ယူအေအီးအနေနဲ့ကတော့ တောင်ကိုရီးယားနဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ ကုန်ပစ္စည်း ၉၁ ဒသမ ၂ ရာခိုင်နှုန်းကို သွင်းကုန်အခွန် ကင်းလွတ်ခွင့်ပေးရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ ဒီလိုကင်းလွတ်ခွင့်ပေးရမယ့် ကာလကတော့ ၁၀ နှစ်ပါ။

ဒီလိုသဘောတူညီချက်အရ တောင်ကိုရီးယားနိုင်ငံက ဂေဟစနစ်နဲ့ကိုက်ညီတဲ့ မော်တော်ယာဉ်များ၊ စစ်လက်နက်ပစ္စည်းများ၊  အီလက်ထရွန်နစ်ပစ္စည်းများအပြင် ကုန်စိမ်းများကို တိုးမြှင့်တင်ပို့သွားနိုင်မယ်လို့  မျှော်မှန်းထားပါတယ်။

ယူအေအီးဘက်ကလည်း ရေနံစိမ်းပို့ကုန် အခွန်ကို ၃ ရာခိုင်နှုန်းဖယ်ရှားပေးသွားမှာ ဖြစ်တာကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးကိုများစွာ အထောက်အကူဖြစ်စေမှာပါ။

ဝန်ဆောင်မှုကဏ္ဍအနေနဲ့ဆိုရင်လည်း ယူအေအီးနိုင်ငံက သူတို့ရဲ့ အွန်လိုင်းဂိမ်း လုပ်ငန်းအပြင် ကျန်းမာရေး ဝန်ဆောင်မှုနဲ့ တခြားလုပ်ငန်းတွေကို တောင်ကိုရီးယားနိုင်ငံ အတွင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အလားတူ   တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုသည်လည်း အရှေ့အလယ်ပိုင်းဒေသဆီ စီးဆင်းသွားမှာပါ။

သူတို့နှစ်နိုင်ငံကြား ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံရှိပြီး ယူအေအီး နိုင်ငံဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ ၁၆ နိုင်ငံမြောက်ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

Ref:Yonhap

ကိုထက်