အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိဟု အီရန်ပြော

အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိဟု အီရန်ပြော

 

    အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့်  ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိမည်ဖြစ်ကြောင်း အီရန်အစိုးရက အောက်တိုဘာလ ၁၆ ရက်တွင်ပြောသည်။

လက်ရှိဖြစ်ပွားနေသော  အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွင် အမေရိကန်က အစ္စရေးဘက်သို့   ထောက်ပံ့ပေးသည့် အနေဖြင့် မြေထဲပင်လယ် အရှေ့ပိုင်းသို့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်များ စေလွှတ်ပေးခြင်း အပါအဝင် အခြား သော ထောက်ပံ့မှုများနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းမှုကို အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ  နက်ဆာကာနားနီက  ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ပဋိပက္ခဖြစ်ပွားရာ   ဒေသအနီးသို့ စစ်ရေယာဉ်အုပ်များ စေလွှတ်ခြင်းသည် မည်သည့်အတွက်မျှ မဟုတ်သော်လည်း ရာဇဝတ်မှု ကျူးလွန်သူများကို အားပေးအားမြှောက်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် ထိုပဋိပက္ခ၌အီရန်နိုင်ငံ၏ စနက်ပါဝင်ကြောင်း အမေရိကန်၏ စွပ်စွဲပြောဆိုမှုကို  အီရန်တာဝန်ရှိသူက ငြင်းဆိုကာ ပါလက်စတိုင်းတို့ လုပ်ဆောင်သော စစ်ဆင်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ထို့အတူ အီရန်အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အရေးအဖြစ် ဂါဇာဒေသကို ပံ့ပိုးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပါလက်စတိုင်းမှ  ဟားမတ်အဖွဲ့က အောက်တိုဘာလ ၇ ရက်တွင် ဒုံးကျည်ထောင်ပေါင်းများစွာ   ပစ်လွှတ်ခြင်း၊  မြေပြင်တွင် နယ်စပ်ကိုဖြတ်ကျော် ဝင်ရောက်ခြင်းတို့ဖြင့် စစ်ဆင်ရေးကို စတင်ခဲ့ရာ အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အများအပြားဖြင့် တုံ့ပြန်ခဲ့သည်။

ယနေ့အထိ ၁၀ ရက်ကြာနေပြီဖြစ်သည့် အဆိုပါစစ်ပွဲအတွင်း   နှစ်ဖက်စလုံးမှ လူပေါင်း ၄၀၀၀ ကျော် သေဆုံးနေပြီဖြစ်ကာ ဒဏ်ရာရရှိသူ များစွာရှိနေပြီဖြစ်ကြောင်း သိရသည်။