အင်ဒိုနီးရှားအနေဖြင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ဟုဆို

အင်ဒိုနီးရှားအနေဖြင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ဟုဆို

 

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်ကုန်တွင် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်းနှင့်  ထိုအခြေအနေသည် နိုင်ငံ၏ သမိုင်းတစ်လျှောက်   အဆိုးဝါးဆုံးဖြစ်မည်ဟု ခန့်မှန်းရကြောင်း၊  အကြောင်းရင်းမှာ အယ်နီညိုရာသီဥတု

ဖြစ်စဉ်ကြောင့်ဖြစ်ကြောင်း  အင်ဒိုနီးရှား စာရင်းအင်းရုံးက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဆန်စပါးထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ် နောက်ဆုံး သုံးလပတ်ကာလ အတွင်းနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း နီးပါးလျော့နည်းကာ တန်ချိန် ၄ ဒသမ ၇၈ သန်းခန့်သာ ထွက်ရှိမည်ဟု မျှော်မှန်းရသည်။

ထို့ကြောင့် ဆန်ပြတ်လပ်မှု ပမာဏသည် တန်ချိန် ၁ ဒသမ ၄၅ သန်းအထိ ရှိလာနိုင်ကြောင်း  စာရင်းအင်းရုံး  ခေတ္တဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲတွင်   ပြောထားသည်။

“အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုဖြစ်ပွားတဲ့ ကာလရှည်ကြာခြင်းက   ဆန်စပါးထွက်ရှိမှုကို ကျဆင်းစေပါတယ်။ အထူးသဖြင့် အနောက်ဂျာဗား၊ အလယ်ဂျာဗားနဲ့  တောင်ဆူမားတြား ပြည်နယ်တို့မှာဖြစ်ပါလိမ့်မယ်။ အဲဒီဒေသတွေက နိုင်ငံရဲ့ဆန်စပါးထွက်ရှိမှု အများဆုံး ပြည်နယ်များဖြစ်ပါတယ်” ဟု   ၎င်းက ဆက်ပြောသည်။

အင်ဒိုနီးရှားအစိုးရ အနေဖြင့် ထိုသို့သော အခြေအနေများအတွက်  အသင့်ပြင်ဆင်ထားကြောင်း၊ မိတ်ဖက်နိုင်ငံများမှ ဆန်တန်ချိန် နှစ်သန်းခန့်ကို တင်သွင်းထားကြောင်း၊ ၎င်းတို့အနက် ဆန်တန်ချိန် ခြောက်သိန်းမှာ ယခုနှစ်ကုန်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် အများစုမှာ ဗီယက်နမ်နှင့်   ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏  ပြောဆိုချက်အရ   သိရသည်။