တစ်မိနစ်ကို ကျည်ဆန်အတောင့် ၁၂၅၀ ပစ်ထုတ်ပြီး ဒရုန်းများကို ချေမှုန်းမယ့် Rheinmetall ရဲ့ SHORAD

တစ်မိနစ်ကို ကျည်ဆန်အတောင့် ၁၂၅၀ ပစ်ထုတ်ပြီး ဒရုန်းများကို ချေမှုန်းမယ့် Rheinmetall ရဲ့ SHORAD

 

    အမေရိကန်ကြည်းတပ်ဟာ ၂၀၀၀ ပြည့်နှစ်အလွန်ကာလများမတိုင်မီတုန်းက လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းရန် ကာကွယ်ရေး အမြောက်များကိုသာ အသုံးပြုခဲ့တာပါ။

ဒါပေမဲ့အဲဒီကာလ နောက်ပိုင်းမှာတော့ ရွေ့လျားသွားလာနိုင်တဲ့  SHORAD စနစ်များကို ဖန်တီးထုတ်လုပ်ဖို့ ကြိုးပမ်းလာပါတယ်။

အဲဒီစနစ်တွေထဲမှာ   ယနေ့ခေတ်စစ်မြေပြင်ကို ကောင်းကောင်းကြီး ခြိမ်းခြောက်နေတဲ့ ဒရုန်းများရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မယ့်စနစ်လည်း အပါအဝင်ဖြစ်ပါတယ်။

SHORAD    ဆိုတာ   တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ခေါ်တာဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာတော့ ဒီစနစ်တွေဟာ စမတ်ဖြစ်လာပါပြီ။

ယနေ့ခေတ်မှာ ဒရုန်းများက တစ်စင်းတည်း လာတဲ့ပုံစံနဲ့ တိုက်ခိုက်တာ မဟုတ်တော့ပါဘူး။ ၁၀ စင်းနဲ့အထက်ရှိတဲ့ ဒရုန်းအုပ်ပုံစံနဲ့ တိုက်ခိုက်လာတာပါ။

ဒီအချိန်မှာ လေကြောင်းရန် ကာကွယ်ရေးစနစ်များ အနေနဲ့ ပိုမိုကြီးမား ရှုပ်ထွေးကာ လက်နက်များကိုပင် သယ်ဆောင်လာနိုင်တဲ့ ဒရုန်းများကို တန်ပြန်နိုင်ဖို့အတွက် စွမ်းဆောင်ရည်မြင့်မားဖို့ လိုအပ်လာပါတယ်။

အမေရိကန်မှ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Rheinmetall  က အနာဂတ်အတွက် SHORAD  ဖြစ်လာ ဖွယ်ရှိတဲ့ စစ်လက်နက်ပစ္စည်း တစ်မျိုးကို ထုတ်ဖော် မိတ်ဆက်ပြသလိုက်ပါတယ်။ သူ့ရဲ့နာမည်ကတော့  Skyranger 30  ပါ။

Rheinmetall  ကုမ္ပဏီက Skyranger 30 ကို အမေရိကန်ကြည်းတပ်ရဲ့ နှစ်ပတ်လည် ညီလာခံမှာ  ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်အတွက် SHORAD လို့ခေါ်ရတဲ့ သူ့ရဲ့စွမ်းဆောင်ရည် တချို့ကိုပြောပြပါရစေ။

Skyranger 30 မှာ အလိုအလျောက် လှည့်ပတ်နိုင်တဲ့ ဆုံလည်တစ်ခု ပါရှိပါတယ်။

အဲဒီဆုံလည်ကနေ  ၃၀  မီလီမီတာရှိတဲ့ လေကွဲကျည်ဆန် အတောင့် ၁၂၅၀ ကို တစ်မိနစ်အတွင်းမှာပင် ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

ပြောင်းအနိမ့်အမြင့်ချိန်လို့ရတဲ့  Sky-ranger 30 ဟာ အမြင့်ဆုံး ၈၅ ဒီဂရီအထိ ထောင်ပြီးပစ်ခတ်နိုင်သလို  အောက်ကို ဆိုရင်လည်း အနုတ် ၁၀ ဒီဂရီအထိ စိုက်ပြီး ပစ်ခတ်နိုင်ပါသေးတယ်။

၃၆၀ ဒီဂရီပတ်ပတ်လည် လှည့်ပတ်နိုင်တဲ့ Skyranger 30 မှာစိတ်ဝင်စားဖို့ အကောင်းဆုံးတစ်ချက်ကတော့ ဒီလိုလှည့်ပတ် ပစ်ခတ်နိုင်တဲ့ ဆုံလည်ကို မောင်းသူမဲ့ ခြေလျင်သုံးယာဉ်မှာ တပ်ဆင်ထားခြင်းပါပဲ။

ယာဉ်ရဲ့ကိုယ်ထည်က RIPSAW M5  စက်ရုပ်ယာဉ် အမျိုးအစားဖြစ်ပြီး Rheinmetall ရဲ့မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့   Textron Defense Systems ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။

ဒါကြောင့် အခုလိုမျိုး Skyranger 30 နဲ့ RIPSAW M5 တို့ရဲ့ပေါင်းစပ်မှုက လုံး၀ ကိုပြီးပြည့်စုံတဲ့ မောင်းသူမဲ့ယာဉ်ပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေးလက်နက်ကို ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။

“ Skyranger  30 အမျိုးအစားက မောင်းသူမဲ့လေယာဉ် တန်ပြန်စနစ်များထဲမှာ သိသိသာသာ ခုန်ပျံကျော်လွှားလာတဲ့ နည်းပညာတစ်ခုပါ။ သူ့ကိုပိုကောင်းအောင်ပံ့ပိုးပေးလိုက်တာက ၃၆၀ ဒီဂရီဆုံလည်ပေါ့။ သူက ၃၀ မီလီမီတာသေနတ်၊ လေကွဲကျည်အပြင် တာတိုပစ်လေကြောင်းရန် ကာကွယ်ရေး ဒုံးများအားကိုးနဲ့ ဝေဟင်သာမက မြေပြင်ကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်ပါတယ်။

အဓိကကျတဲ့ တိုးတက်မှုကတော့ စနစ်တကျ ဖန်တီးထားတဲ့ လေကွဲကျည်ပေါ့။ သူ့ကြောင့် Skyranger  30  ရဲ့  ထိမှန်မှုစွမ်းရည်ကို များစွာတိုးတက်စေပါတယ်။ ဘယ်လောက် ထိအောင်လဲဆိုရင် အသေးဆုံးသော မိုက်ခရိုဒရုန်းများမှသည် နာနိုဒရုန်းများအထိ Skyranger 30 ရဲ့ချေမှုန်းမှုအောက်ကနေ ပြေးမလွတ်စေရပါဘူး” လို့ Rheinmetall ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Skyranger 30 ဟာ အလေးချိန်အားဖြင့် ၁၀ တန်ခွဲသာ ရှိတာကြောင့် လက်ရှိအမေရိကန်ကြည်းတပ်က အသုံးပြုနေတဲ့ တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်များထက် ပိုပြီးတော့   သေးငယ်တဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုဖြစ်ပါတယ်။

အခုလက်ရှိအသုံးပြုနေတဲ့  တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်တပ် Stryker   လိုမျိုးစနစ်တွေထက် များစွာ ပေါ့ပါးတာကိုလည်း တွေ့ရပါတယ်။

အရေးအကြီးဆုံး အချက်ကတော့ Sky-ranger 30 ဟာ  လုံးလုံးလျားလျားကို ထိန်းချုပ်သူမဲ့စနစ် ဖြစ်သွားခြင်းဖြစ်တယ်လို့ Rheinmetall  ရဲ့အမှုဆောင် အရာရှိချုပ် စတီဖင်ဟက်ဂျာက ပြောပါတယ်။

အခုလိုမျိုး ၃၆၀ ဒီဂရီလှည့်ပြီး ပစ်ခတ်နိုင်တဲ့  လက်နက်စနစ်ရယ်၊ မောင်းသူမဲ့စနစ်နဲ့ တာဝန်များကို စွမ်းဆောင်နိုင်တဲ့ ယာဉ်တို့ရယ်ကြောင့် စစ်သည်ပါတဲ့ တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်များထက် Skyranger 30  က ဒရုန်းတို့လိုမျိုး လေကြောင်း ခြိမ်းခြောက်မှုတွေကို ထိရောက်စွာ ချေမှုန်းနိုင်စွမ်း ရှိတာကိုတွေ့ရပါတယ်။

Skyranger 30 ရဲ့စွမ်းဆောင်ရည်ကို ပြောရမယ်ဆိုရင် ၃ ကီလိုမီတာအကွာအဝေး အတွင်းမှာရှိတဲ့ မောင်းသူမဲ့ ဒရုန်းများကို ထိရောက်စွာ ပစ်ချနိုင်မှုက ၉၀ ရာခိုင်နှုန်း အထိရှိတယ်လို့ ဟက်ဂျာကဆိုပါတယ်။

အခုလိုမျိုး Skyranger 30 ကို M5 ယာဉ်ပေါ်မှာ တပ်ဆင်လိုက်ခြင်းဟာ ဒရုန်း များကို တိုက်ခိုက်မယ့်မောင်းသူမဲ့ လေကြောင်း ရန်ကာကွယ်ရေး စနစ်ဆီ ကူးပြောင်းမှုအတွက် ထူးချွန်ပြောင်မြောက်လှတဲ့ ဖြေရှင်းမှုနည်းလမ်း တစ်ခုဖြစ်ပါတော့တယ်။