ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်း

 

ဆိပ်ဖြူ  အောက်တိုဘာ  ၁၇

    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ  လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး  စိုက်ပျိုးသီးနှံ များအောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည်  စားရေရိက္ခာ ဖူလုံရေးနှင့် မိသားစုဝင်ငွေ တိုးပွားစွာရရှိစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီဖူလုံရေး အတွက် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မိုးနေကြာ၊ မိုးမြေပဲ၊ မိုးနှမ်းတို့ကို ကုန်းစိုက်ပျိုးမြေနှင့် ယာစိုက်ပျိုးမြေများတွင် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတို့၌ စတင်စိုက်ပျိုးဆောင်ရွက် ခဲ့ကြသည်။  ဆီထွက်သီးနှံ မိုးနေကြာကို ၁၂၁၃ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၁၆၁၅ ဧကစိုက်ပျိုးနိုင်ခြင်း၊ မိုးမြေပဲကို  ၁၁၅၆၇ ဧက စိုက်ပျိုးရန် လျာထားပြီး ၁၁၅၉၁ ဧကကိုလည်းကောင်း၊  မိုးနှမ်း အတွက် ၄၅၆ ဧကလျာထားခဲ့ပြီး  ၄၆၆ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ကြောင်း၊ ဒေသခံ တောင်သူများ စိုက်ပျိုးထားသည့် ဆီထွက် သီးနှံစိုက်ခင်းများသည် ဒေသ၏ မိုးရေချိန် လုံလောက်စွာရွာသွန်းမှု၊  ဆီထွက်သီးနှံ အထွက်နှုန်းတိုး မျိုးကောင်းမျိုးသန့်များ ရယူစိုက်ပျိုးနိုင်မှု၊ စိုက်ပျိုးရေးနည်းပညာများ တိုးပွားရရှိမှုတို့ကြောင့်  စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး အချို့တောင်သူ များကစိုက်ပျိုး ဆောင်ရွက်ထားသည့် ဆီထွက်သီးနှံ မိုးနေကြာ၊ မိုးမြေပဲ၊ မိုးနှမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်သလို အထွက်နှုန်းလည်း ကောင်းမွန်ကြောင်း၊ ကုန်းစိုက်ပျိုးမြေနှင့် ယာစိုက်ပျိုးမြေမှ မိုးဆီထွက်သီးနှံများကို သီတင်းကျွတ် လပြည့်ကျော်နှင့် တန်ဆောင်မုန်းလဆန်းအတွင်း အပြီးရိတ်သိမ်းဆောင် ရွက်ကြပြီး ဆောင်းသီးနှံအတွက် တန်ဆောင်မုန်းလ အတွင်း၌   မိုးကောင်းသောက်လယ်မြေများ၊  ကိုင်းစိုက်ပျိုးမြေနှင့်မြေနုကျွန်း၊ ချောင်းမြေများတွင် ဆီထွက်သီးနှံများကို ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ပြီး  ၂၀၂၃ ခုနှစ် ဆောင်းဆီထွက် သီးနှံအတွက် ဆောင်း နေကြာ ၇၅၈၅ ဧက၊ ဆောင်းမြေပဲ  ၂၁၈၂ ဧကနှင့် ဆောင်းနှမ်း ၂၅၄၃ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူ များထံမှ သိရသည်။