သစ်လွင်သူနာပြုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဌာနဆိုင်ရာအမိန့်စာပေးအပ်

သစ်လွင်သူနာပြုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဌာနဆိုင်ရာအမိန့်စာပေးအပ်

နေပြည်တော်  အောက်တိုဘာ  ၁၉

 

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများတာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Hybrid  စနစ်ဖြင့်  ကျင်းပရာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ခန့်အပ်တာဝန်ပေးအပ်ခံရ သည့် သစ်လွင်သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်းက  သူနာပြုဆရာ/ဆရာမများကို အထူးမှာကြားလိုသည်မှာ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ်သဲတစ်ပွင့်ထမ်းရွက် ရာတွင် မိမိတို့တာဝန်ကျရာနေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည်ဖြစ်ပြီး သူနာပြုဆရာ/ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ လူနာများကိုနွေးထွေးပျူငှာစွာဆက်ဆံကြရန်နှင့် အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာ    ပြုစုပေးနိုင်သော ခံယူချက်မှန်ကန်သည့် သူနာပြုဆရာ/ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့စေကာမူ လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်း မပြုလုပ်စေလိုကြောင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူ၍   ပြည်သူများအား ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးရှိသော သူနာပြုစုမှုပညာများဖြင့် ပြုစုစောင့်ရှောက်မှုများပေးကာ လူထုမှစိတ်ကျေနပ်မှုရရှိပြီး အားကိုးယုံကြည်ထိုက်သော သူနာပြုများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း။

 ထို့ပြင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းတက်ရောက်အောင်မြင်ပြီးပါက (၉)လ အထူးပြု သူနာပြု ဒီပလိုမာသင်တန်း၊ အရေးပေါ်သူနာပြုစုမှုပညာသင်တန်း၊ သူနာပြုသိပ္ပံ (B.N.Sc) (ပေါင်းကူး)  သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ အရေးပေါ်သူနာပြုစုမှုပညာသင်တန်း၊ ပြည်သူ့ကျန်းမာရေးမဟာသိပ္ပံဘွဲ့ (MPH)၊ သူနာပြုမဟာသိပ္ပံဘွဲ့ (M.N.Sc)၊ သူနာပြုပါရဂူဘွဲ့ (Ph.D)များသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းများ ရှိသည့်အတွက် စဉ်ဆက်မပြတ် ကြိုးစားကြစေလိုကြောင်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို  ပြည်တွင်း တွင်သာမက ပြည်ပတွင်ပါ လေ့လာဆည်းပူးနိုင်ရေး ဆက်လက်ကြိုးစားစေလိုကြောင်းပြောကြားသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြု   ဌာနဆိုင်ရာအမိန့်စာများအား   သစ်လွင်သူနာပြုများ ကိုယ်စားကိုယ်စားလှယ်တစ်ဦးကို   ပေးအပ်ပြီး သစ်လွင်သူနာပြုများကိုယ်စား  သစ်လွင် သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် နေပြည်တော်သူနာပြုသင်တန်းကျောင်းနှင့် သားဖွား သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သူနာပြုအုပ်များအား သူနာပြုအုပ်ကြီး    ရာထူးအဖြစ်လည်းကောင်း၊ သူနာပြုကြီး  ၁၃၇  ဦးအား  တာဝန်ခံသူနာပြုကြီးရာထူးအဖြစ်  ရာထူးတိုးမြှင့် ခန့်အပ်ပေးခဲ့ပြီး ယနေ့ခန့်အပ်လိုက်သည့် သစ်လွင်သူနာပြုအဖြစ် ခန့်အပ်တာဝန်ပေးသည့် သူနာပြု-သားဖွားဒီပလိုမာအောင်မြင်သူ ၁၇၄၅ ဦးအပါအဝင် သူနာပြုသိပ္ပံဘွဲ့ရသူ ၃၇  ဦးကို သစ်လွင်သူနာပြုများအဖြစ် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘွဲ့ရ  ၃၅  ဦးတို့ကို ဆေးဘက်ကျွမ်းကျင်(၂) (ဓာတ်မှန်)အဖြစ် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာဘွဲ့ရ  ၃၇  ဦးကို ဆေးဘက်ကျွမ်းကျင်(၂) (အကြော)အဖြစ်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာဘွဲ့ရ နှစ်ဦးကို ဒု-စာရင်းအင်းမှူး (ဆေးမှတ်တမ်း) အဖြစ်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာဓာတ်ခွဲ နည်းပညာဘွဲ့ရ ၃၀  ဦးကို ဆေးဘက်ကျွမ်းကျင်(၂)(ဓာတ်ခွဲ)အဖြစ်လည်းကောင်း အောက်တိုဘာလ ၅  ရက်တွင် ဗဟိုအဆင့်ဆေးရုံကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် ခန့်အပ်တာဝန် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။