ဒူဘိုင်းမာစတာ ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ လူဇင်ဘတ်ကြက်တောင်မယ်ကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်

ဒူဘိုင်းမာစတာ ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ လူဇင်ဘတ်ကြက်တောင်မယ်ကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်

 

ရန်ကုန်  အောက်တိုဘာ  ၁၉

    ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိနေသည့်  ဒူဘိုင်းမာစတာကြက်တောင်ပြိုင်ပွဲ ၁၆ ဦး ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ယနေ့တွင် မြန်မာကြက်တောင်မယ်  သက်ထားသူဇာနှင့်  လူဇင်ဘတ်ကြက်တောင်မယ် စကာမစ်ရှ်တို့  ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိကမ္ဘာ့အဆင့်(၄၅) နေရာတွင် ရပ်တည်နေသည့် သက်ထားသူဇာသည် ဒူဘိုင်းမာစတာကြက်တောင်ပြိုင်ပွဲတွင် ပြိုင်ပွဲအဆင့် သတ်မှတ်ချက်အရ လက်ရည်စစ်မကစားခဲ့ရဘဲ ၃၂ ဦး  ရှုံးထွက်အဆင့်မှ စတင်ကစားခဲ့ရခြင်းဖြစ်ပြီး ၃၂ ဦးရှုံးထွက်အဆင့်တွင် အိမ်ရှင် ယူအေအီးကြက်တောင်မယ် ဂူရက်ဗ်နှင့်ကစားခဲ့ရာ လက်ရည်အသာစီးဖြင့်  ဖိအားပေးကစားနိုင်ခဲ့၍  ပထမပွဲငယ်တွင် ၂၁ မှတ် ၁၄ မှတ်ဖြင့်အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲငယ်တွင် ၂၁ မှတ် ၁၁ မှတ်ဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့၍ ၁၆ ဦး  ရှုံးထွက်အဆင့်သို့   တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ၁၆ ဦးရှုံးထွက် အဆင့်တွင် လက်ရှိကမ္ဘာ့အဆင့်(၁၁၃) နေရာတွင် ရပ်တည်နေသည့် လူဇင်ဘတ် ကြက်တောင်မယ် စကာမစ်ရှ်နှင့် ကစားခဲ့ရာတွင်လည်း  လက်ရည်အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ နှစ်ပွဲစလုံး ၂၁ မှတ် ၈ မှတ်ဖြင့်   အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်သို့  တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒူဘိုင်းမာစတာကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် သက်ထားသူဇာသည်   လက်ရှိကမ္ဘာ့အဆင့်(၃၁၀) နေရာတွင် ရပ်တည်နေသည့် အိန္ဒိယကြက်တောင်မယ် ဗလီရှီတီနှင့် အောက်တိုဘာလ ၂၀ ရက်တွင်  ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။