၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၀

    ၂၀၂၃ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် ခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲ အတွဲများနှင့်  ကျောက်မျက်အတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ပုလဲအတွဲများကို   အောက်တိုဘာလ ၂၀ ရက်တွင် စတင်ခင်းကျင်းပြသပြီး အောက်တိုဘာလ၂၁ရက်နှင့် ၂၂ ရက်တို့တွင် ရောင်းချပေးသွားမည်ဖြစ်၍ ကျောက်မျက်အတွဲများကို အောက်တိုဘာလ၂၀ ရက်မှ ၂၂ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာလ ၂၃ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကာ ကျောက်စိမ်းအတွဲများကို အောက်တိုဘာလ ၂၀ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း၌ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ယခုရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၀၂၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကာ ပုလဲအတွဲများကို အမေရိကန် ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များ အနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များ အနေဖြင့် ကျပ်ငွေဖြင့် လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။