အစ္စရေးတို့၏ မြေပြင်စစ်ဆင်ရေးကို အမေရိကန်က ပုံဖော်ပေးနေ

အစ္စရေးတို့၏ မြေပြင်စစ်ဆင်ရေးကို အမေရိကန်က ပုံဖော်ပေးနေ

 

    အစ္စရေးက ဟားမတ်တို့အပေါ် ပစ်မှတ်ထား လုပ်ဆောင်နေသည့် မြေပြင်စစ်ဆင်ရေးကို  အမေရိကန်က ပုံဖော်ပေးနေကြောင်း Bloomberg သတင်းဌာနက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့  အမေရိကန်က ပုံဖော်ပေးမှုကြောင့်    တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ဒေသတွင်းမှအခြားသော နိုင်ငံများကလည်း ပဋိပက္ခတွင် ပါဝင်လာနိုင်ကြောင်း သတင်းဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟားမတ်တို့အပေါ် မြေပြင်၊ ရေပြင်၊ ဝေဟင်တို့မှ ပူးပေါင်းစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့်  မြေပြင်စစ်ဆင်ရေးသည် ရန်သူများ မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်စေမည်ဖြစ်ကြောင်း အစ္စရေးက ပြောထားသည်။

အစ္စရေးတို့အနေဖြင့် ယခုကဲ့သို့လေသံကို မြှင့်လာခြင်းသည် ၎င်းတို့ထံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် အမေရိကန် တာဝန်ရှိသူအများအပြား လာရောက်ပြီး နောက်ပိုင်းမှဖြစ်သည်ဟု သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ထို့ပြင်  Bloomberg သတင်းဌာနက အမေရိကန်တာဝန်ရှိသူ သုံးဦးကို တွေ့ဆုံမေးမြန်းချက်အရ ယခုဖြစ်စဉ်တွင် အမေရိကန်က ယခင်ကထက်  ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေကြောင်း ပြောသည်ဟုဆိုသည်။

အမေရိကန်အနေဖြင့်   ယခုကဲ့သို့ ထဲထဲဝင်ဝင်ပါဝင်နေခြင်းသည် အစ္စရေးနှင့် အာရပ်နိုင်ငံများကြား   ငြိမ်းချမ်းရေးကို တိုးမြှင့်ခြင်းအားဖြင့်  အရှေ့အလယ်ပိုင်းဒေသကို တည်ငြိမ်အောင် လုပ်ဆောင်မည့် အိမ်ဖြူတော်၏ လုပ်ဆောင်ချက်ကို လမ်းလွဲသွားစေကြောင်း   သတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။