တရုတ်-ရုရှား ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို ရာနှုန်းပြည့်နီးပါး ဖယ်ရှားလာနိုင်ပြီ

တရုတ်-ရုရှား ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို ရာနှုန်းပြည့်နီးပါး ဖယ်ရှားလာနိုင်ပြီ

 

    တရုတ်နိုင်ငံနှင့်  ရုရှားနိုင်ငံတို့ကြား ကုန်သွယ်မှုတွင်   အမေရိကန်ဒေါ်လာ အသုံးပြုမှုကိုဖယ်ရှားလာခဲ့ရာ ယခုအခါရာနှုန်းပြည့်နီးပါး  ရှိလာပြီဖြစ်ကြောင်း ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်ရက်ရှီနီကော့ကပြောသည်။

ထို့ပြင် ရုရှားနိုင်ငံ၏ပြည်ပကုန်သွယ်မှုတွင် ရူဘယ်ငွေကြေးနှင့်  ယွမ်ငွေကြေးတို့ကို အသုံးပြုမှုပမာဏသည် ၇၀ ရာခိုင်နှုန်း နီးပါးရှိလာပြီဖြစ်ကြောင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးက ဆက်ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ကုန်သွယ်ရေးကို ပြန်လည်တည်ဆောက်နေပါတယ်။ နိုင်ငံရဲ့ကုန်သွယ်ရေးကဏ္ဍကို အားလုံးခြုံငုံပြီး ကြည့်မယ်ဆိုရင် ကုန်သွယ်ရေးမှာ ရူဘယ်နဲ့ ယွမ်ငွေကြေးတို့ကိုအသုံးပြုမှုက ၆၈ ရာခိုင်နှုန်းအထိရှိလာပါပြီ။ ဒါ့အပြင် ရုရှား-တရုတ်ကုန်သွယ်မှုမှာတော့ အဲဒီငွေကြေးနှစ်ရပ်ကိုအသုံးပြုမှုက ၉၅ ရာခိုင်နှုန်းရှိလာပြီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ငွေပေးချေမှု လမ်းကြောင်းဆိုင်ရာပြဿနာကိုလည်း ဖြေရှင်းပြီးပါပြီ” ဟု မက်ဆင်ရက်ရှီနီကော့က ဆက်ပြောသည်။

ရုရှားနိုင်ငံသည်  ၂၀၂၂ ခုနှစ်မှစ၍ မွန်ဂိုလီးယား၊ တရုတ်(တိုင်ပေ)၊ ဖိလစ်ပိုင်၊ မလေးရှား၊ ယူအေအီး၊ ထိုင်း၊ ဂျပန်၊ တာဂျီ ကစ္စတန်နိုင်ငံတို့နှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာအစား ယွမ်ငွေကြေးကို အသုံးပြုလာခြင်းဖြစ်သည်။

အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ပြီးနောက် ရုရှားက ကုန်သွယ်ရေးတွင် မိတ်ဆွေမဖြစ်သော နိုင်ငံများမှ ငွေကြေးများကို အသုံးပြုမှုမှ ရှောင်ကြဉ်သည့်အနေဖြင့် တရုတ်ယွမ်ငွေကြေးကို  ပြောင်းလဲအသုံးပြုလာခြင်းဖြစ်သည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားခဲ့ရာ ယခုအခါ ဒေါ်လာဘီလီယံ ၂၂၀ အထိရောက်ရှိမည်ဟု တိုးမြှင့်ခန့်မှန်းထားကြောင်း သိရသည်။