သဘာဝဓာတ်ငွေ့ဖူလုံရေးအတွက် ဒေါ်လာ ၇ ထရီလီယံခန့် လိုအပ်

သဘာဝဓာတ်ငွေ့ဖူလုံရေးအတွက် ဒေါ်လာ ၇ ထရီလီယံခန့် လိုအပ်

 

    ကမ္ဘာပေါ်တွင် ၂၀၅၀ ပြည့်နှစ်အထိ သဘာဝဓာတ်ငွေ့ကို ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ဒေါ်လာ ၇ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း   ဂျပန်စွမ်းအင်စီးပွားရေးဌာနက ထုတ်ပြန်ထားသည်။

ယနေ့အခါတွင် နိုင်ငံအများအပြားက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ လောင်စာအတွက် ကျောက်မီးသွေးမှ   သဘာဝဓာတ်ငွေ့ကို ပြောင်းလဲ အသုံးပြုလာလျက်ရှိသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုက မဖြစ်မနေလိုအပ်လာပြီး အထူးသဖြင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး နေရာအသစ်များကို ဖော်ဆောင်ရေး၊ သဘာဝဓာတ်ငွေ့အရည် တင်ပို့ရေးအတွက်  အခြေခံအဆောက်အအုံအသစ်များ တည်ဆောက်ရေး၊ လက်ရှိစက်ရုံများကို တိုးချဲ့ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။

သို့သော်   ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏသည် ၂၀၅၀ ပြည့်နှစ်အထိ  လက်ရှိအတိုင်းဆက်ရှိနေ မည်ဆိုပါက ကမ္ဘာကြီးအနေဖြင့် သဘာဝဓာတ်ငွေ့ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ဒေါ်လာ ၁၀ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်ကြောင်း  ဂျပန်စွမ်းအင်စီးပွားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့သဘာဝဓာတ်ငွေ့ ဈေးကွက်များသည် နယ်ပယ်အသစ်တစ်ခုသို့ ဝင်ရောက်လာပြီး မသေချာမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ယခုဆယ်စုနှစ်အကုန်တွင်မူ   ကမ္ဘာ့သဘာဝဓာတ်ငွေ့ ဝယ်လိုအားများစွာ မြင့်တက်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက  ယခုလအစောပိုင်းတွင်  ထုတ်ပြန်ထားသည်။