ကြက်အမွေးကနေ သန့်ရှင်းစွမ်းအင်ကို ထုတ်လုပ်ကြမယ်

ကြက်အမွေးကနေ သန့်ရှင်းစွမ်းအင်ကို ထုတ်လုပ်ကြမယ်

 

    ကမ္ဘာပေါ်မှာ စွမ်းအင်လိုအပ်ချက် မြင့်မားလာတာနဲ့အမျှ စွမ်းအင်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်း များပြားလာပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်ပေါ်လာစေတာပါပဲ။

ယနေ့ကမ္ဘာကြီးဟာ တစ်နေ့တခြား ပိုပိုပြီးပူလာနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများကလည်း ဒီလိုကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်စေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြပါတယ်။

မိမိတို့အနေနဲ့ လက်ရှိအများဆုံး အသုံးပြုနေတဲ့ စွမ်းအင်တွေက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို  အလွန်ဆိုးဝါးစွာ ဖြစ်ပေါ်စေတဲ့ စွမ်းအင်တွေဖြစ်ပါတယ်။ ဒါကိုပြောင်းလဲနိုင်စေဖို့အတွက် သန့်ရှင်းစွမ်းအင်တချို့ကို စတင်အသုံးပြု လာနေပါပြီ။

သန့်ရှင်းစွမ်းအင်ဆိုတာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့၊ ပြန်လည်ပြည့်ဖြိုး နိုင်စွမ်းရှိတဲ့  စွမ်းအင်မျိုးကို ခေါ်တာပါ။ ဒီလိုသန့်ရှင်းစွမ်းအင်တွေ အနက် အာမခံချက်အရှိဆုံး   စွမ်းအင်တစ်မျိုးကတော့ ဟိုက်ဒရိုဂျင်စွမ်းအင်ပါပဲ။

ဟိုက်ဒရိုဂျင်ဆိုတာ သန့်ရှင်းစွမ်းအင် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သူကနေမှတစ်ဆင့် ဘယ်လိုဘေးမျိုးမှ မသင့်စေနိုင်တဲ့ ဘေးထွက်ပစ္စည်းတွေကို ထုတ်ပေးနိုင်ပါတယ်။

ဟိုက်ဒရိုဂျင်လောင်စာတောင့်တွေဆိုရင် တစ်ပိုင်းစိမ့်ဝင်နိုင်တဲ့ အလွှာပါးများကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ ဒီအလွှာပါးတွေကို ထုတ်လုပ်မှုက ကုန်ကျစရိတ်များတယ်။ သဘာဝပတ်ဝန်း ကျင်နဲ့ ဘယ်တော့မှ သဟဇာတမဖြစ်တဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရတယ်။ အဲဒီ ဓာတုပစ္စည်းတွေက အလွန်အမင်းအဆိပ်သင့်စေပြီး ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

ကြက်အမွေးစွန့်ပစ်ပစ္စည်းများကိုသုံးမယ်

    ETH Zurich  နဲ့ စင်ကာပူရှိ နန်ယန်း နည်းပညာတက္ကသိုလ်တို့မှ သုတေသန ပညာရှင်များက အထက်ကပြောခဲ့တဲ့ အလွှာပါးတွေကို    ထုတ်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူတို့တွေ့ရှိတဲ့နည်းလမ်းက သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေသလို စွန့်ပစ်ပစ္စည်းများကိုလည်း အကျိုးရှိစွာ အသုံးချနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒါကတော့ ကြက်အမွေး စွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင်းပါပဲ။

သုတေသီများက ကြက်အမွေးများကနေ ပရိုတိန်းကီရာတင်ကို ထုတ်ယူဖို့အတွက် နည်းလမ်းတစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။

ပြီးတဲ့အခါ အဲဒီပရိုတိန်းကီရာတင်တွေကို အလွန့်အလွန်သေးငယ်လှတဲ့ အမျှင်လေးတွေအဖြစ် ပြောင်းလဲပါတယ်။

အဲဒီအမျှင်လေးတွေကို ဖန်တီးဖို့အတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို   အသုံးပြုခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ထွက်ရှိလာတဲ့ အမျှင်လေးတွေကို လောင်စာတောင့်အလွှာပါးတွေကို စွမ်းအင်ပေးဖို့အတွက် အသုံးပြုကြပါတယ်။

“ကျွန်တော့်အနေနဲ့ အစားအစာ အမှိုက်သရိုက်တွေကနေ သန့်ရှင်းစွမ်းအင်စနစ်များကို ဖန်တီးနိုင်စေဖို့အတွက် အသုံးပြုနိုင်မယ့် မတူညီတဲ့နည်းလမ်းတွေကို သုတေသနပြုဖို့ နှစ်ပေါင်းများစွာကြာခဲ့ပါတယ်လို့ ”  ETH Zurichမှ စားနပ်ရိက္ခာဆိုင်ရာပါမောက္ခ ရာဖေးလီမက်ဇန်ဂါက ပြောပါတယ်။

အခု သုတေသနပညာရှင်များရဲ့ ရှာဖွေတွေ့ရှိမှုက တော်တော်လေးကို အသုံးဝင်ပြီး ဟာကွက်တွေကို ပိတ်လိုက်နိုင်တဲ့သဘောသက်ရောက်ပါတယ်။

အရင်တုန်းက စွမ်းအင်အတွက်ဆိုရင် မီးရှို့လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အဆိပ်သင့်ဓာတ်ငွေ့များကို ထုတ်လွှတ်စေတဲ့ အရာဝတ္ထုတွေကိုသာ အသုံးပြုခဲ့ကြတာပါ။

လက်ရှိသုတေသီများ ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာအသစ်က အဆိပ်ဖြစ်စေတဲ့ အရာဝတ္ထုများ အသုံးပြုမှုကို ဖယ်ရှားနိုင်ရုံသာမက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း တားဆီးပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကာဗွန်ခြေရာ ကျန်ရစ်မှု စက်ဝန်းကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

တစ်နှစ်တစ်နှစ်ကို မီးရှို့ပြီး စွန့်ပစ်နေရတဲ့ ကြက်အမွေးအလေးချိန် စုစုပေါင်းက တန်ချိန်သန်း ၄၀ ခန့်ရှိပါတယ်။ ကြက်အမွေးတွေကို ဒီလိုမီးရှို့ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ထွက်ရှိသည်သာမက ဆာလဖာဒိုင်အောက်ဆိုက်လိုမျိုး အဆိပ်သင့်ဓာတ်ငွေ့တွေကိုလည်း ထွက်လာစေနိုင်ပါတယ်။

အခုတော့ ဟိုက်ဒရိုဂျင်စွမ်းအင် ထုတ်လုပ်မှုမှာ ကြက်အမွေးများကို အသုံးပြုမှုက ဒီလိုစွန့်ပစ်ပစ္စည်းတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်လာပြီး ရေကိုဓာတ်ခွဲမှု လုပ်ငန်းစဉ်အတွက်လည်း အထောက်အပံ့ကောင်း ဖြစ်လာစေပါတယ်။

လျှပ်စစ်သုံးဓာတ်ခွဲခြင်းအတွက်အသုံးဝင်တယ်

    ရေကိုဓာတ်ခွဲခြင်းဆိုတာ လျှပ်စစ်သုံး ဓာတ်ခွဲခြင်း (Electrolysis) ကိုခေါ်တာဖြစ်ပြီး အဲဒီကနေမှတစ်ဆင့် ဟိုက်ဒရိုဂျင်ကို ထွက်ပေါ်လာစေပါတယ်။

ဒီလိုဓာတ်ခွဲဖို့အတွက် အလိုအလျောက် မဟုတ်တဲ့ ဓာတုဓာတ်ပြုမှုကို ဖြစ်ပေါ်စေဖို့ လျှပ်စီးလမ်းကြောင်းကို အသုံးပြုပါတယ်။ အဲဒီလုပ်ငန်းစဉ်ထဲမှာ လျှပ်လိုက်ရည်တစ်ခု အတွင်း လျှပ်စစ်စီးဆင်းခြင်းအားဖြင့် ဒြပ်ပေါင်းတစ်ခုမှာပါတဲ့ ဒြပ်စင်တွေ၊ အိုင်းယွန်းတွေကို ပြိုကွဲသွားစေတဲ့ လုပ်ငန်းပါဝင်ပါတယ်။

Electrolysis  လုပ်ငန်းစဉ် လုပ်ဆောင်နေစဉ် အတောအတွင်း  အက်စစ်များကို ပေါင်းထည့်ပေးခြင်းကလည်း လိုအပ်ပါ သေးတယ်။ ဘာကြောင့်လဲဆိုရင် ရေသန့်က ဒီလုပ်ငန်းစဉ်အတွက် လုံလောက်မှု မရှိလို့ပါပဲ။

ဒါပေမဲ့ အခုဖန်တီးလိုက်တဲ့ အလွှာပါးအသစ်က ပရိုတွန်ကို စိမ့်ဝင်နိုင်စေပြီး အမလျှပ်ခေါင်းနဲ့ အဖိုလျှပ်ခေါင်းတို့ကြားမှာ ဒြပ်မှုန်တွေ ကူးပြောင်းစီးဆင်းမှုကိုလည်း ခွင့်ပြုပေးနိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဆိုတာ ရေချည်းသီးသန့်ရှိနေတဲ့ အချိန်မျိုးမှာ ရေကို အကောင်းဆုံး ခွဲထုတ်နိုင်တဲ့ဖြစ်စဉ်တစ်ခုပါ။

သုတေသနပညာရှင်များရဲ့ နောက်တစ်ဆင့်လေ့လာမှုက သူတို့ဖန်တီးထားတဲ့ ကီရာတင်အလွှာပါးများရဲ့ တည်ငြိမ်မှုနဲ့ ခံနိုင်ရည်ရှိမှုတို့ကို လေ့လာသွားမှာဖြစ်ပြီး လိုအပ်ပါက အဆင့်မြှင့်တင်မှုများကိုပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အခုလက်ရှိမှာ သုတေသနပညာရှင်များက သူတို့ရဲ့နည်းပညာသုံး အလွှာပါးအတွက် ပူးတွဲမူပိုင်ခွင့်ကိုလျှောက်ထားပြီး သူတို့နဲ့လက်တွဲ လုပ်ကိုင်နိုင်မယ့် စီးပွားရေးလုပ်ငန်းစု ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေလျက်ရှိပါတယ်။