ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-upနည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-upနည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

 

နေပြည်တော် အောက်တိုဘာ ၂၂

    မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၅၅၀ ဆံ့ ကလေး ဆေးရုံကြီး-ရန်ကုန်နှင့် မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ယမန်နေ့နှင့် ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့သို့ စတုတ္ထအကြိမ်အဖြစ် သွားရောက်၍  ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ အထူးကုဆရာဝန်များနှင့်အတူ   ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ လူနာ ၁၁၅ ဦး၊ ကလေးနှလုံးရောဂါ ဆိုင်ရာလူနာ ၃၅ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၇၂ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၇၅ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာ ၉၂ ဦး၊ သွေးရောဂါဆိုင်ရာလူနာ ၂၉ ဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါ ဆိုင်ရာလူနာ ၁၂၀ ဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါဆိုင်ရာလူနာ ၉၀ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၁၇၄ ဦး၊ ရင်ခေါင်းရောဂါ ဆိုင်ရာလူနာ ၄၈ ဦး၊ မျက်စိရောဂါဆိုင်ရာ လူနာ ၂၀၀ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၀၅၀ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး မျက်စိရောဂါလူနာများအနက် ခွဲစိတ်ကုသရန်  လိုအပ်သော လူနာများကို အောက်တိုဘာလ၂၃ ရက်တွင် ဆက်လက်၍    ခွဲစိတ်ကုသမှု ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၅၃ ဦး၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ၁၈ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း ခြောက်ဦး၊ ရိုးတွင်းခြင်ဆီဖောက်၍ စမ်းသပ်စစ်ဆေးခြင်း တစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT Scan) ခြောက်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၉၄ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၁၄၇ ဦး၊ Ultrasound  ရိုက်ကူးခြင်း ၈၇ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECGွ) ၂၁၂ ဦး၊ ဆီးချိုကြောင့် မျက်စိထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း (Fundoscopic Eye Examination) နှစ်ဦး၊ အစာအိမ်ရောဂါပိုး စစ်ဆေးခြင်း (H.pylori Test ) ၂၁ ဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း  ၃၉  ဦးတို့ကို စမ်းသပ်စစ်ဆေး ကုသပေးနိုင်ခဲ့သည်။

လာရောက်ပြသသော  လူနာများတွင် စစ်တွေမြို့နယ်သာမက   ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော် စသည့်မြို့နယ်ပေါင်း ၁၀ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ဆီးနှင့် ကျောက်ကပ် ရောဂါဆိုင်ရာလူနာ ၁၀ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ နှစ်ဦး၊  ဦးနှောက်နှင့်အာရုံ ကြောခွဲစိတ်ဆိုင်ရာလူနာ နှစ်ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ လေးဦးနှင့် ကလေးနှလုံးရောဂါ လူနာနှစ်ဦး စုစုပေါင်း လူနာ၂၀ ဦးတို့အား ရန်ကုန်ရှိ သက်ဆိုင်ရာပြည်သူ့ ဆေးရုံကြီးများ၌  ဆက်လက်ကုသမှု ခံယူနိုင်စေရေး လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးကုဆေးကုသရေး အဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေးကြိမ်အပါအဝင် အထူးကုဆေးကုသရေး ခရီးစဉ် ၁၅ ကြိမ်ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊  တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲသည် မွေးကင်းစမှ အသက် (၁၈) လအရွယ်အထိ ကလေးများအား ကာကွယ်ဆေး ၁၂ မျိုးကို အသက်အရွယ်အလိုက် ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် အသက်(၉)နှစ်ပြည့်ပြီး  မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့်   အသက် (၅)နှစ်အောက် ကလေးများကိုလည်း   (အမီလိုက်) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင် းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင်လည်း  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ယမန်နေ့နှင့်ယနေ့တွင် ပြည်သူ့ဆေးရုံကြီး-စစ်တွေမြို့၊ ကာကွယ်ဆေးထိုးစုရပ်၌ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စစ်တွေမြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့မှ အသက်(၁)နှစ်မှ (၅)နှစ်အတွင်း  ကာကွယ်ဆေးလုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့်ကလေးများ စုစုပေါင်း ၂၀၅ ဦးကို လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချ ကာကွယ်ဆေး (bOPV)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး(IPV)၊ ဝက် သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး(MR)၊  ငါးမျိုးစပ်ကာကွယ်ဆေး(Penta)များ ထိုးနှံ/တိုက်ကျွေးပေးခြင်းနှင့် အသက် (၉) နှစ်မှ (၁၁) နှစ်မိန်းကလေးငယ်များ စုစုပေါင်း ၃၉ ဦးကို သားအိမ်ခေါင်း ကာကွယ်ဆေး (HPV) ထိုးနှံခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်နှင့်   မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့တွင်  ကာကွယ်ဆေး ထိုးနှံနေမှုကို   လာရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များကို ပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် ကလေးများအား အာဟာရမုန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။