ဇွဲ လုံ့လ ဝီရိယနှင့်ကြိုးစားမှုရှိရမည်

ယနေ့လူငယ်တိုင်းကို ရိုးသားကြရန်၊ ကြိုးစားကြရန် မိဘဆရာသမားတို့က အစဉ်အမြဲဆုံးမ သြဝါဒပေးလေ့ရှိသည်။ လက်လျှော့ခြင်း၊ အားငယ်ခြင်း၊ အရှုံးပေးခြင်းတို့သည် လူညံ့တို့၏လမ်းစဉ်ဖြစ်သည်။ ကြိုးစားသူတိုင်းအတွက် အောင်မြင်မှုရလဒ် ရောက်ရှိလာမည် ဖြစ်သည်။ ကြိုးစားမှုမရှိဘဲ အောင်မြင်မှုဟူသည် သူ့အလိုလို ပေါ်ပေါက်လာခြင်း မျိုးမရှိပေ။ ဗုဒ္ဓဘာသာဝင်တို့၏ ဂေါတမမြတ်စွာဘုရားသည် ဘုရားမဖြစ်မီက ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည်။ ရင့်မာတစ်ကျိပ်ဘဝဖြစ်စဉ်များအနက် မဟာဇနကဇာတ်တော်ကြီးသည် ယောက်ျားတို့ဇွဲ သေခါမှလျှော့မည် ဟူသောစိတ်ဖြင့် ဇွဲကို အရင်းတည်ကြိုးစား ခဲ့ရခြင်းကို ယနေ့လူငယ်မောင်မယ်များ အတုယူဖွယ်သင့်လှပေသည်။

မဟာဇနကမင်းသားလေး၏   ဖခမည်းတော် အရိဋ္ဌဇနကမင်းနှင့် ဦးရီးတော် ပေါလဇနကတို့ နှစ်ဦးတိုက်ပွဲတွင် သူ၏ခမည်းတော် ကျဆုံးခဲ့သည်။ မဟာဇနက၏မိခင်သည် မဟာဇနကမင်းသားကိုယ်ဝန်ဖြင့် အခြားသောအရပ်သို့ မထင်မရှား သွားရောက်နေထိုင်ခဲ့ရသည်။ မွေးဖွားပြီး အရွယ်ရောက်သောအခါ ကစားသူအချင်းချင်းက အဖမဲ့သား ဟုအခေါ်ခံရသည်။  မိခင်ကသူတို့သားအမိကို ကျွေးမွေးပြုစုထားသော ဒိသာပါမောက္ခဆရာကြီးသည် သင်၏ဖခင်ဖြစ်သည်ဟုပြောပြထားသည်။ ကစားဖော်များက ဒိသာပါမောက္ခဆရာကြီးမှာ  သင်နှင့်ဘယ်လိုမှ တော်စပ်ခြင်း မရှိကြောင်း၊ သင်နှင့်သင့်အမိတို့သည် အခြားသောတိုင်းပြည်မှ ငါတို့ပြည်သို့ ရောက်နေသူများ ဖြစ်ကြောင်း ပြောကြသည်။

တစ်နေ့တွင် မိခင်ဖြစ်သူအား အတင်းအကျပ် မေးမြန်းသဖြင့် မိခင်က အမှန်အaတိုင်း ပြောပြလိုက်သည်။

မဟာဇနကမင်းသားသည် သူ့ဘဝအဖြစ်မှန်ကို သိရသည့်နေ့မှစ၍ အမျိုးမာန်များကိန်းအောင်းလာသည်။ ကစားဖော်ချင်းများက စသော်လည်း သည်းခံစိတ်မွေးကာ အဆင်ပြေအောင်နေသည်။ သူ့ဘဝအတွက် တတ်သင့်တတ်ထိုက်သော ပညာရပ်များကို အရင်ကထက် ပိုမိုကြိုးစားသင်ယူသည်။ သူ၏ ဘဝရည်မှန်းချက်အပျော 

မခံဘဲ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်အစီအစဉ်များကို အမြဲတွေးတောနေလေသည်။ တစ်နေ့တွင်မိခင်ဖြစ်သူအား ပစ္စည်းဥစ္စာများရရှိရန် မိထိလာပြည်သို့ ကုန်ကူးသွားလိုပါသည်။ ပစ္စည်းဥစ္စာစုဆောင်းမိလျှင် ဖခင်၏အရိုက်အရ ာဖြစ်သော မိထိလာထီးနန်းကိုပြန်၍ သိမ်းယူလိုပါသည်ဟူ၍ ခွင့်ပန်ကြားလိုက်သည်။

မဟာဇနကမင်းသားသည် မိခင်ကတားသော်လည်း အကျိုးအကြောင်းပြလျက် ၇၀၀ သောသင်္ဘောသားတို့နှင့်အတူ ပင်လယ်သမုဒ္ဒရာခရီးကိုထွက်လာခဲ့သည်။ မဟာဇနကမင်းသား လိုက်ပါလာသော သင်္ဘောသည် ထွက်ခွာလာ၍ ခုနစ်ရက်မြောက်သော် သမုဒ္ဒရာထဲ၌ လေမုန်တိုင်းမိလေသည်။ သင်္ဘောပေါ်တွင်ပါလာသူ အချို့က အော်ဟစ်ငိုကြွေးကြသည်။ အချို့က မိမိတို့ဆိုင်ရာမိရိုးဖလာနတ်စသည်တို့ကို တိုင်တည်ရှိခိုးကြသည်။ မဟာဇနက မင်းသားကား သင်္ဘောနစ်တော့မည်ကိုသိလျှင်သိချင်း ထောပတ်ကိုသကြားနှင့်နယ်ကာ အဝစားထားသည်။ ခိုင်ခံ့သော ပုဆိုးတို့ကိုလည်း ရေမဝင်အောင် ဆီဆွတ်ပြီးမြဲမြံစွာ ဝတ်ထားသည်။ ထို့နောက် သင်္ဘောရွက်တိုင်ပေါ်သို့တက်သည်။

သင်္ဘောနစ်လေသော် အခြားသူတို့သည် ယောက်ျားများပီပီ လုံ့လဝီရိယကိုစိုက်ထုတ်ကာ ကြိုးစားခြင်းမပြုကြ။ မဟာဇနကမင်းသားကား ယောက်ျားတို့အားမာန် သေခါမှလျှော့ရမည်။ လုံ့လဝီရိယရှိသူအတွက် မအောင်မြင်နိုင်သော အရာမရှိနိုင် ဟူသောဇွဲသတ္တိဖြင့် သင်္ဘောရွက်တိုင်ထိပ်မှ မိထိလာပြည်ရှိမည့် အရပ်သို့မှန်းဆကာ သူ၏ကြီးမားသော အင်အားဖြင့် ခုန်ချလိုက်ရာ ငါးမန်း၊ လိပ်တို့လွတ်ရာသို့ ရောက်သွားတော့သည်။ ခုနစ်ရက်လုံးလုံး ပင်လယ်ထဲတွင်ကူးခပ်နေသည်။ ပင်လယ်ပြင်ကိုစောင့်သော မဏိမေခလာနတ်သမီးသည် အားမာန်နှင့် လုံ့လကြီးစွာ ကူးခပ်နေသော မဟာဇနကမင်းသားကိုမြင်တွေ့သွားသည်။ မဏိမေခလာနတ်သမီးနှင့် အပြန်အလှန် မေးမြန်းပြောဆိုပြီး နတ်သမီးက ကယ်တင်သွားသည်။

ထိုအချိန် မိထိလာပြည်၌ ပေါလဇနကမင်းကြီး နတ်ရွာစံ၍ ခုနစ်ရက်ရှိပြီဖြစ်သဖြင့် ထီးနန်းကိုဆက်ခံ အုပ်ချုပ်မည့် မင်းလောင်းကို ရှာဖွေနေသည်။ ကွယ်လွန်သူမင်းကြီး၌ သားတော်မရှိ၊ သမီးတော်တစ်ပါးသာရှိသည်။ မင်းလောင်း ရွေးချယ်ရာတွင် စိတ်တိုင်းကျမတွေ့ရှိသဖြင့် နောက်ဆုံးတွင်ဖုဿရထားလွှတ်ပြီး မင်းလောင်းကိုရှာရန်စီစဉ်ကြသည်။ ဖုဿရထားဟူသည် မင်္ဂလာရှိသော ရထားဖြစ်၍ မြင်းဖြူကြီးလေးကောင်ကလျက် မင်းမြှောက်တန်ဆာ ငါးပါးတို့ကို တင်ပြီး မင်းလောင်းရှိရာ သွားစေသတည်းဟု စေလွှတ်ရသော ရထားဖြစ်သည်။ မဟာဇနကမင်းသားအိပ်နေသော ကျောက်ဖျာအနီး၌ ရထားရပ်တန့်သွားသည်။ နောက်ဆုံးတွင် မိထိလာပြည်တွင် မင်းအဖြစ်အုပ်ချုပ်ခွင့်ရသွားသည်။ အနှစ်ချုပ်ရလျှင် ယနေ့လူငယ်မောင်မယ်တို့အတွက် မိမိရည်မှန်းချက်သို့ ပေါက်မြောက်အောင်မြင်ရန်မှာ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားခြင်းမှတစ်ပါး အခြားမရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။