မုန်တိုင်းငယ်လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

မုန်တိုင်းငယ်လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

 

နေပြည်တော် အောက်တိုဘာ ၂၂

မုန်တိုင်းငယ်အခြေအနေ

    ယနေ့ညနေ ၅  နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက် ဘက် ရေမိုင် ၄၇၅ မိုင်ခန့်၊ သံတွဲမြို့ (han-dwe) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၅၀၅ မိုင်ခန့်၊ စစ်တွေမြို့(Sittwe) ၏ အနောက်တောင်ဘက် ရေမိုင် ၄၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့(Paradip) ၏တောင်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင် - အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ  မရှိပါသဖြင့်  အဝါရောင်အဆင့်ဟု  သတ်မှတ်သည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

    အဆိုပါမုန်တိုင်းငယ်  (Depression)သည်   ညနေ ၅ နာရီခွဲတွင်  မြောက်လတ္တီတွဒ် ၁၅.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ်  ၈၆.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက်  လေဖိအား ၁၀၀၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင် ၃၀ နှုန်းခန့်ဖြစ်သည်။

နောက် ၉၆ နာရီအတွင်း ခန့်မှန်းချက်

    အဆိုပါမုန်တိုင်းငယ် (Depression)သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီးနောက်   ခြောက်နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ လည်းကောင်း၊    ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ နောက် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး အောက်တိုဘာလ   ၂၅   ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 သတိပေးနှိုးဆော်ချက် 

    မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့ညမှ  အောက်တိုဘာလ ၂၅  ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  နေရာကျဲကျဲမှ  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး  အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။  သို့ဖြစ်ပါ ၍ အောက်တိုဘာလ ၂၄ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။    မိုးသက်လေပြင်းများ ကျရောက်စဉ်  ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်  မိုင် ၃၀  မှ  ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။     လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်။

အကြံပြုချက် 

    သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression) ၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့်    ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။             

      (မိုး/ဇလ)