အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  “ဟမွန်း” ၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့် သတ်မှတ်သော်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့  မုန်တိုင်းအဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် မုန်တိုင်း၏ သက်ရောက်မှုကို ခံစားရနိုင်

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  “ဟမွန်း” ၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့် သတ်မှတ်သော်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့  မုန်တိုင်းအဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် မုန်တိုင်း၏ သက်ရောက်မှုကို ခံစားရနိုင်

 

နေပြည်တော် အောက်တိုဘာ ၂၄

    အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “ဟမွန်း” (HAMOON)) အခြေအနေ

    ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)) “ဟမွန်း” (HAMOON)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး   ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ  စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်၊ မောင်တောမြို့(Maungdaw)၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ပလက်ဝမြို့(Paletwa) ၏  အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ   အိန္ဒိယနိုင်ငံ ဒီဂါမြို့(Digha) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၇၅  မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့(Khepupara)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်နှင့် စစ်တကောင်းမြို့(Chittagong) ၏ အနောက်တောင်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  “ဟမွန်း”( HAMOON)၏ သက်ရောက်မှုကို ခံစားရနိုင်သည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

    အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း”( HAMOON)သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီတွဒ် ၂၀.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၀.၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်မှ မိုင် ၈၀ နှုန်းခန့်ဖြစ်သည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”( HAMOON)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)အဖြစ်သို့ အားလျော့သွားနိုင်ကာ  နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့(Chittagong) တောင်ဘက်အနီးမှ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဖြတ်ကျော်နိုင်ပြီး ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင် သည်ဟု ခန့်မှန်းရသည်။

သတိပေးနှိုးဆော်ချက်

    အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”( HAMOON)၏ အရှိန်ကြောင့် ယနေ့ညမှ ၂၆-၁၀-၂၀၂၃ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင် သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့်ရှိနိုင်သည်။

အကြံပြုချက် 

သို့ဖြစ်ပါ၍ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှု များဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)