ပါတီဝင်အင်အားများကို ဥပဒေနှင့်အညီ စုဆောင်းထူထောင်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မှာကြား

ပါတီဝင်အင်အားများကို ဥပဒေနှင့်အညီ စုဆောင်းထူထောင်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မှာကြား

 

နေပြည်တော်  အောက်တိုဘာ  ၂၆

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင်များနှင့် အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ မြို့တော်ခန်းမ၌ နိုင်ငံရေးပါတီ ၆ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များကို တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ အပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့်    ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် လည်းကောင်း၊ နည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊    နိုင်ငံတစ်ဝန်း စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း   စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်းဆုံး   စည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊    သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည်မဟုတ်

ကြောင်း။   

ယခုကဲ့သို့ နိုင်ငံရေး ပါတီများကို ကော်မရှင်မှ စိစစ်ရခြင်းမှာ   နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံ၍ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ အမှတ်စဉ်(၅)ပါ    အရေးပေါ် ကာလဆိုင်ရာ   ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ လာမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက်  သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ ကွန်ပျူတာ တက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS (Central Voter List Mana-gement System)  ဆော့ဝဲလ်အပါအဝင် အဆင့်မြင့် အိုင်တီနည်းပညာများ အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တီထွင် ပြုလုပ်ခဲ့ပြီး   ယခုအခါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များမှ  ပြည်သူများကို လက်တွေ့စမ်းသပ် မဲပေးနိုင်ရန်ဆောင်ရွက်နေမှုများကို ပြောကြားသည်။

ထို့နောက်   ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက ပါတီဝင်အင်အား စာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊    ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တို့မှ တိုင်းဒေသကြီး ပါတီကော်မတီဥက္ကဋ္ဌများက ပါတီအလိုက် အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အရာရှိများ၊ ပဲခူးတိုင်းဒေသကြီး အတွင်း စည်းရုံးဆောင်ရွက်မည့် ပါတီဝင်အင်အားစာရင်း တင်ပြထားသည့် နိုင်ငံရေးပါတီ ၆ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌများ၊   အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။