ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၆

ထောပတ်သီးနှံ  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ထောပတ်သီးနှံမှ ပြည်ပပို့ကုန် ဝင်ငွေတိုးမြှင့် ရရှိစေရန်နှင့် ထောပတ်သီးနှံ၏ တန်ဖိုးကွင်းဆက်တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေး ဖော်ထုတ်ရန်ရည်ရွယ်ကျင်းပသည့် ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။  

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ထောပတ်အသင်းတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် ထောပတ်စိုက်ပျိုးထုတ်လုပ်သူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရေမြေ ရာသီဥတုတွင် အောင်မြင်စွာစိုက်ပျိုး ဖြစ်ထွန်းနိုင်သည့် ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံ တော်အစိုးရက အားပေးမြှင့်တင်လျက်ရှိပြီး အရည်အသွေးကောင်းသော မြန်မာ့ထောပတ် သီးနှံတိုးမြှင့်ထုတ်လုပ်ရေး၊   တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာရရှိရေးတို့အတွက် အလေးထားဆောင်ရွက် သွားလျက်ရှိကြောင်း၊ ထောပတ်သီးနှံကို ကမ္ဘာ့ကုန်သွယ်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန်၂၄၀၀ ခန့်၊၂၀၂၂ ခုနှစ်တွင် တန်ချိန်   ၇၀၀ ကျော်ခန့်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗြိတိန်နိုင်ငံတို့သို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရကြောင်း၊  တင်ပို့သည့် ပမာဏသုံးဆကျော် လျော့ကျသွားခြင်းကို သေချာစွာ ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း။

နှစ်စဉ် ကမ္ဘာ့ထောပတ်သီးဈေးကွက်ဝယ်လိုအားမြင့်တက်လာလျက်ရှိရာ  မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသောမျိုးသစ်များ  တင်သွင်းခြင်း၊ ဒေသကိုက်ညီမှု  သုတေသနများဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုး နည်းပညာများ ကျင့်သုံးခြင်း၊ GAP နှင့် အော်ဂဲနစ်လက်မှတ်များရယူခြင်း၊ တန်ဖိုးမြင့် ထောပတ်သီးထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ထောပတ်သီးအနှစ်၊ ထောပတ်သီးအဆီ၊ အလှကုန်နှင့်   ဆေးဝါးများထုတ်လုပ်ရန် ကုန်ကြမ်း စသည်ဖြင့် ဈေးကွက်တောင်းဆိုမှုအရ ဆန်းသစ်တီထွင်သော နည်းလမ်းများဖြင့် တန်ဖိုးမြင့်ကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ပြီး    ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းစေရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍   စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊   ပြည်ပတင်ပို့မှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပိုင်းဆိုင်ရာ သုတေသနလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနမှ ထောပတ်သီးနှံပညာရှင်များ၊ မြန်မာနိုင်ငံထောပတ်အသင်း တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍမှလုပ်ငန်းရှင်များ၊ ထောပတ်စိုက်တောင်သူများက မြန်မာနိုင်ငံ ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု၊ ဈေးကွက်တင်ပို့ ရောင်းချမှု၊ အရည်အသွေးထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ထောပတ်သီးနှံဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊  ပြည်ပတင်ပို့ရေး ဆိုင်ရာ  စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

ထောပတ်သီးနှံကို  လွန်ခဲ့သည့်  ၇၅ နှစ်ခန့်ကစတင်၍ မြန်မာနိုင်ငံ၌ စိုက်ပျိုးခဲ့ရာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသတစ်ဝိုက်တွင် အဓိက စိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၁၀၀၀၀၀ ခန့်ထွက်ရှိခဲ့ကြောင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်အမျိုး ၂၀ ကျော်ခန့်ပါဝင်ပြီး အာဟာရဓာတ်ကြွယ်ဝသည့် ထောပတ်သီးနှံကို နိုင်ငံတကာ ဈေးကွက်တွင် ရေပန်းစားလျက်ရှိရာ   အလားအလာကောင်းသော ပြည်ပပို့ကုန်အဖြစ် စီးပွားဖြစ်ထုတ်လုပ်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။