နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၆

 

နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်နှင့်   MSME လုပ်ငန်းများကို အားသွန်ခွန်စိုက် ထုတ်လုပ်ခြင်းအားဖြင့်   နိုင်ငံ၏  GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်ကို  Clean City, Green City, Smart City ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက   သီတင်းကျွတ်လပြည့်နေ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတွင် ဆီးမီးကိုးထောင်ပူဇော်မည့်ကိစ္စနှင့်စပ်လျဉ်း၍  ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားများ လွယ်ကူစွာသွားလာနိုင်ရေးအတွက် ပွင့်လင်းရာသီတွင် လမ်းများအားလုံးကောင်းမွန်စေရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆောင်းသီးနှံ၊ နွေစပါးနှင့် ရေရရှိမှုအပေါ်မူတည်၍ နွေစပါး၊ Contract Farming များ စိုက်ပျိုးမှုအခြေအနေများ၊ နေပြည်တော်တွင် ဝက်များဆာဗိုဗိုင်းရပ်ကူးစက်ပြန့်ပွားမှု၊ ရောဂါထိန်းချုပ်မှု၊ ဇီဝလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာတွင်   ဝက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊  တောင်ကျရေကြောင့် ကမ်းပါးပြိုလုပ်ငန်းများ ထိန်းသိမ်းခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စားသုံးဆီရောက်ရှိဖြန့်ခွဲမှု အခြေအနေများ၊  Quick  Win အစီအမံ(၅)ရပ်နှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှု အခြေအနေများ၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေး၊ လမ်းတံတားများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။