သထုံမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

 

သထုံမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ် သထုံမြို့နယ်၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃) ဦးမောင်မောင်မြင့်က မူကြိုဆရာမများ စွမ်းရည်မြင့်မားစေရန်၊ မူကြိုကျောင်းဖွင့်လှစ်ထားသူများနှင့် ဖွင့်လှစ်ရန်စီစဉ်နေသူများအနေဖြင့် မူကြိုဆိုင်ရာနည်းပညာများနှင့်   ကလေးဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသဘောတရားများ   သိရှိစေရန် ယင်းသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံများကို လက်တွေ့ပြန်လည်အသုံးချပြီး ကလေးများ၏ အနာဂတ်လှပစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူတို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ရာ သင်တန်းသူတို့က လက်ခံရယူကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ ၉ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၌ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ထားသည့် သထုံ၊ ပေါင်၊ ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်တို့မှ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် မူလတန်းကြိုကျောင်းဖွင့်လှစ်ရန်စီစဉ်နေသည့်    ကျောင်းတို့မှ သင်တန်းသူ  ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။               

 ချမ်းမြေ့