ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိစေရေး ဥပဒေနှင့်အညီစိစစ်မှုအခြေအနေများ၊ ရွေးကောက် ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြား

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိစေရေး ဥပဒေနှင့်အညီစိစစ်မှုအခြေအနေများ၊ ရွေးကောက် ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြား

နေပြည်တော် အောက်တိုဘာ ၂၇

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးသည် ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီဝင်အင်အားများ စိစစ်ခြင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ၅ ပါတီနှင့် ရှမ်းပြည်နယ်အတွင်း စည်းရုံးမည့်ပါတီ ၃ ပါတီမှ တာဝန်ရှိသူများ၊  ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဦးစီးအရာရှိများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ပါတီဝင်များစိစစ်ရာတွင် သက်ဆိုင်ရာပါတီများရှိ ပါတီဝင်လျှောက်လွှာ၊ အသိအမှတ်ပြုကတ်ပြား၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရသည့် ပါတီဝင်အင်အားစာရင်း နောက်ဆက်တွဲ (ဇ) ပူးတွဲများနှင့် တိုက်ဆိုင်စစ်ဆေးမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအား အင်အားတောင့်တင်းသော ပါတီဝင်များဖြစ်လာစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများမှ ပူးပေါင်းအစစ်ဆေးခံရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်    တက်ရောက်လာသော နိုင်ငံရေးပါတီ ၈ ပါတီမှ တာဝန်ခံများမှလည်း ပါတီအလိုက် တင်ပြဆွေးနွေး ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးသည် ယနေ့နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အရာထမ်းများ၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ မှန်ကန်စွာပြည့်မီရေးအတွက် ပူးပေါင်းစိစစ်ဆောင်ရွက်လျက်ရှိသည့်   လုပ်ငန်းများ တိုးတက်မှုအခြေအနေများနှင့် စိစစ်ခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်   လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည်    ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ပါတီအသီးသီးမှ ပါတီဝင်အင်အား စာရင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ e-ID စနစ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ Admin DEO Software  ဖြင့် ပါတီကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းစိစစ် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။