ပါတီဝင်အင်အားများကို ဥပဒေနှင့်အညီ စုဆောင်းထူထောင်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မှာကြား

 

ပါတီဝင်အင်အားများကို ဥပဒေနှင့်အညီ စုဆောင်းထူထောင်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မှာကြား

ပုသိမ် အောက်တိုဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံရေးပါတီ ၇ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌများ၊ တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအားတွေ့ဆုံ၍   ပါတီဝင်အင်အားများ စုဆောင်းမှုကအစ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၂၆ ရက်တွင်လည်းကောင်း၊ နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်  ဇန်နဝါရီလ  ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းစည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်အင်အားအနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ  အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊   သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေမပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း။  

ယခုကဲ့သို့   နိုင်ငံရေးပါတီများကို  ကော်မရှင်မှစိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍   ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှု ရရှိစေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ   ပညာရှင်များ၏  နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီရယူပြီး  CVLMS (Central  Voter  List  Management  System)  ဆော့ဝဲလ်အပါအဝင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  မြို့နယ်များမှ  ပြည်သူများကို လက်တွေ့စမ်းသပ် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်  နိုင်ငံရေးပါတီများမှ  တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများ၊ ခရိုင်စည်းရုံး ရေးမှူးများက ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက်  စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်  တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး   နိဂုံးချုပ်အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ  တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အရာရှိများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)တို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။