ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၈

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား များ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  မဟာမြတ်မုနိဘုရား ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အရုဏ်ဆွမ်း၊ ရွှေသင်္ကန်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာကြသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်  စုစုပေါင်း ၂၉၅ ပါးတို့ကို ဆွမ်းတော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူကြသည်။ ထို့နောက် ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲ ပိတ်ပွဲနှင့် ရေစက်ချမင်္ဂလာကို ဆက်လက်ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သံဃာတော်များအား နဝကမ္မ အလှူ ငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ကျိုင်းယင်းကျောင်းတိုက် ဆရာတော် ထံမှ အနုမောဓနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။