မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၈

    ယနေ့သည် ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

    ထိုသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်း ရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြား ဘာသာရေး ဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီး ထွန်းညှိ ပူဇော်ခြင်းများဆောင်ရွက်ကြသည်။

    ထို့ပြင် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညို သဒ္ဓါပွားများလျက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနှစ်ရက်သားသမီး အလှူရှင် များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင်နိုင်ရန်အတွက်  သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။