ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၂၈

 

ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေ အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပရာ အခမ်းအနားသို့   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။      

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၂၆ ရက်တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင်လည်းကောင်းပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ရက်ပေါင်း ၆၀ အတွင်း ယခင်နိုင်ငံရေးပါတီ ၅၀ က မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ပါတီအသစ် ၁၄ ပါတီလျှောက်ထားလာခဲ့ရာ စုစုပေါင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလာသည့် ပါတီ ၆၄ ပါတီအနက် ၃၇ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ  စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်းအနည်းဆုံး စည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း  ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း။ 

ယခုကဲ့သို့ နိုင်ငံရေးပါတီများ ထူထောင်မှုကို စနစ်တကျဖြစ်စေရန် ကော်မရှင်မှစိစစ်ရခြင်းမှာ နိုင်ငံရေး ပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှု ရရှိစေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများမဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာ တက္ကသိုလ်များမှပညာရှင်များ၏ နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS  (Central  Voter  List  Management  System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့် အိုင်တီနည်းပညာများ အသုံးပြုဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများ မှဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  မြို့နယ်များမှ  ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်  နိုင်ငံရေးပါတီများမှ  တိုင်းဒေသကြီးပါတီတာဝန်ခံများက  ပါတီဝင် အင်အားစာရင်းများ ဥပဒေနှင့်အညီမှန်ကန်စေရေးအတွက်  စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများနှင့်  တွေ့ကြုံရသည့် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး  နိဂုံးချုပ်အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ အတွင်းရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီတို့မှတိုင်းဒေသကြီးအဆင့်ပါတီတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။