အစ္စရေးပြည်သူများ ခက်ခဲသော ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထားရန် နေတန်ယာဟုပြော

အစ္စရေးပြည်သူများ ခက်ခဲသော ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထားရန် နေတန်ယာဟုပြော

 

   အစ္စရေးက ဂါဇာရှိ ဟားမတ်စစ်သွေးကြွများအပေါ်   စစ်ဆင်ရေး ဒုတိယအဆင့် စတင်နေပြီဖြစ်ကြောင်းနှင့် အစ္စရေးပြည်သူများအနေဖြင့် ခက်ခဲလှသော ရေရှည်စစ်ပွဲအတွက်   အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း   ဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာလ ၂၈ ရက်ညတွင် သတိပေးလိုက်သည်။

“ စစ်ပွဲရဲ့ ကနဦးသီတင်းပတ်များတုန်းက မိမိတို့အနေနဲ့   ရန်သူများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု များပြားစွာ လုပ်ဆောင်ခဲ့ပါတယ်။    အကြမ်းဖက်သမား အမြောက်အမြားကိုလည်း ချေမှုန်းနိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်က ၎င်း၏မိန့်ခွန်းတွင်ထည့်ပြောသည်။

အစ္စရေးတို့၏ သီတင်းပတ်သုံးပတ်ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာကမ်းမြောင်ဒေသမှ သေဆုံးသူ အယောက် ၈၀၀၀ ကျော်သွားပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ထက်ဝက်ခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ဟားမတ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျန်းမာရေး ဝန်ကြီးဌာနက  အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

“လက်ရှိအချိန်တွင်   မိမိတို့အနေဖြင့် လမ်းခရီးအစတွင်သာ ရှိပါသေးတယ်။ ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ   တိုက်ပွဲက ခက်ခဲပြီး ရှည်လျားမှာပါ။ အခုစစ်ဆင်ရေးက မိမိတို့ရဲ့ဒုတိယမြောက် လွတ်လပ်ရေး စစ်ပွဲဖြစ်ပါတယ်” ဟု  နေတန်ယာဟုကဆက်ပြောသည်။

အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်တို့ဘက်က စတင်လိုက်သည့် စစ်ပွဲသည် ယခုအခါ  သီတင်းပတ်သုံးပတ်ကြာမြင့်လာပြီ ဖြစ်ပြီး အစ္စရေးတပ်မတော်က စစ်ဆင်ရေးကို နောက်တစ်ဆင့်တိုးမြှင့်ကာ   မြေပြင်စစ်ဆင်ရေးကို စတင်လိုက်ခြင်းဖြစ်သည်။

အစ္စရေးစစ်လေယာဉ်များက အောက်တိုဘာလ ၂၇ ရက်မှသည်  ၂၈ ရက်ညပိုင်းအထိ ဂါဇာတွင်ဗုံးမိုးရွာပြီး မြေပြင်တပ်ဖွဲ့များက မြေပြင်ထိုးစစ် ဆင်နွှဲလာခြင်းဖြစ်သည်။

ဟားမတ်တို့၏   တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူ ၁၄၀၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်မှာ ဓားစာခံအဖြစ် အဖမ်းခံထားရကြောင်း သိရသည်။