(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (ဗဟိုအဆင့်)ပြိုင်ပွဲများကို နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သတ်မှတ်နေရာ အသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် တိုင်းဒေသ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (ဗဟိုအဆင့်)ပြိုင်ပွဲများကို နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သတ်မှတ်နေရာ အသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နည်းပြများနှင့် ပြိုင်ပွဲဝင်များ၏ ဝမ်းသာပီတိ စကားသံများကို ပြန်လည်မျှဝေလိုက်ရပါသည်-

 

ဒေါ်အေးငြိမ်းစံ၊ ဧရာဝတီတိုင်းဒေသကြီး၊ အကနည်းပြ

    ဒီနေ့ကျင်းပတဲ့ တိုင်းရင်းသားရိုးရာ၊ ကျေးလက်ရိုးရာ အကပြိုင်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအက အဖွဲ့အနေနဲ့ ကျေးလက်ရိုးရာအကနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်မတို့အကအဖွဲ့မှာ ပြိုင်ပွဲဝင် ၁၆ ဦးနဲ့ အရန်နှစ်ဦး စုစုပေါင်း ၁၈ ဦးပါဝင်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲတွေ ပြီးကတည်းက   ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ပုသိမ်ပညာရေးကောလိပ်က သင်တန်းသူလေးတွေနဲ့ လေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ တိုင်းဒေသကြီးက လူကြီးတွေနဲ့တိုင်ပင်ပြီး ရေခပ်ဆင်းချိန်ဆိုတဲ့   သီချင်းလေးကို ပြိုင်ပွဲဝင်သီချင်းအနေနဲ့ ရွေးချယ်ခဲ့ပါတယ်။

ဧရာဝတီမြစ်ကမ်းနံဘေးမှာ   ညနေပိုင်း ရေခပ်ဆင်းချိန်မှာတွေ့ရတဲ့ လှပျိုဖြူလေး တွေရဲ့ ချစ်စရာအလှအပကို ပေါ်လွင်စေတဲ့သီချင်းဖြစ်တဲ့အတွက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခုလိုရွေးချယ်ဖို့ ပြောကြားခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ စက်တင်ဘာလ အစောပိုင်းကတည်းကစပြီး လေ့ကျင့်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်ခဲ့တဲ့ အနေအထားအပေါ်မှာလည်း ကျေနပ်အားရဖြစ်မိပါတယ်။

အခုလိုပြိုင်ပွဲတွေ  ကျင်းပပေးတဲ့အတွက် ကိုယ်မရောက်ဖူးသေးတဲ့၊ ကိုယ်နဲ့မရင်းနှီးသေးတဲ့ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ အကအလှတွေ၊ ဝတ်စားဆင်ယင်မှုတွေကို အများကြီး သိရှိလေ့လာခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုပြီးတိုးပွား လာစေတယ်လို့ ထင်ပါတယ်။ ကျွန်မအနေနဲ့ပြောရမယ်ဆိုရင် ဒီပြိုင်ပွဲကြီးက   မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်တွေကို ချစ်ခင်မြတ်နိုးတဲ့ မျိုးဆက်သစ် အနုပညာရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနေတဲ့ ပြိုင်ပွဲကြီးဖြစ်တယ်လို့ ပြောချင်ပါတယ်။ နောင်လာမယ့်နှစ်တွေမှာလည်း ဒီထက်မက စည်ကားသိုက်မြိုက်စွာနဲ့ ဆက်လက်ကျင်းပသွားမယ်လို့ ယုံကြည်ပါတယ်။

ဦးလှကြည်၊ မွန်ပြည်နယ်၊ အတီးပြိုင်ပွဲ၊ ပတ္တလား

    ဆိုင်းတော်မင်္ဂလာကို   ဖွဲ့သီထားတဲ့ ခွာပြာသင်းပတ်ပျိုးကြီးနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ အရင်နှစ်တွေကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဝါသနာရှင်(ဒုတိယ)အဆင့်မှာ ပတ္တလားနဲ့ပဲ ရွှေတံဆိပ်ဆုရရှိခဲ့ဖူးပါတယ်။ ပညာရှင်အဆင့်မှာလည်း ဆုနှစ်ကြိမ်ရဖူးပါတယ်။   နိုင်ငံတော်က မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အခုလို နှစ်စဉ်ကျင်းပပေးတဲ့အတွက် အထူးတလည် ကျေးဇူးတင်ရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာတွေကို မတိမ်ကောမပပျောက်သွားအောင် အခုလိုပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပပေးတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဖိုးတန်ယဉ်ကျေးမှု အနုသုခုမပညာရပ်တွေကို ကမ္ဘာအရပ်ရပ်မှာရှိတဲ့သူတွေကလည်း   ပိုပြီးတန်ဖိုးထားနားလည်လာစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့လို ရိုးရာယဉ်ကျေးမှု အနုပညာတွေကို ချစ်မြတ်နိုးတဲ့သူတွေအတွက်လည်း ကိုယ်ပိုင်အစွမ်းအစတွေကို ဖော်ထုတ်ပြသခွင့်ရရှိစေတဲ့အတွက် အင်မတန်ဝမ်းသာစရာကောင်းပါတယ်။ နှစ်စဉ်ကျင်းပပေးနေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ပတ္တလားပညာကို အသက် ၁၀-၁၅ နှစ် အဆင့်ကနေစပြီး ပညာရှင်အဆင့်အထိ အဆင့်လိုက်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပပေးတဲ့အတွက် အသက်အရွယ်အစုံ  မျိုးဆက်သစ်ပတ္တလား ပညာရှင်တွေ  အများကြီးပေါ်ထွက်လာဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တတ်ကျွမ်းထားတဲ့ ပတ္တလား ပညာရပ်တွေကိုလည်း ဝါသနာပါတဲ့  မျိုးဆက်သစ် လူငယ်တွေအတွက် တတ်စွမ်းသရွေ့ ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အနုပညာရပ်တွေကို ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ်လူငယ် တွေအနေနဲ့  ကိုယ့်ရဲ့အစွမ်းအစတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက်   နောင်နှစ်တွေမှာကျင်းပမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ အားတက်သရော   ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီပြိုင်ပွဲကြီးကို ခမ်းခမ်းနားနားနဲ့ နှစ်စဉ်ကျင်းပနိုင်အောင် စီစဉ်ပေးကြတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း လှိုက်လှိုက်လဲှလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးလင်းလင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကွက်စိပ်

    နိုင်ငံတော်ကကြီးမှူး ကျင်းပပေးတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ကွက်စိပ်ပညာရပ်ကို ထည့်သွင်း ကျင်းပပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေကို အထူးကျေးဇူးတင်ပါတယ်။ ကွက်စိပ်ပညာကို တော်ရုံလူတွေက မသိကြတော့ပါဘူး။ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ အခုလို နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲတစ်ခုအနေနဲ့ ထည့်သွင်းကျင်းပပေးတဲ့အတွက် အရမ်းကျေးဇူးတင်မိသလို ဂုဏ်လည်းယူမိပါတယ်။ ပြိုင်ပွဲဝင်ဖို့အမှတ်စဉ်ကို မဲနှိုက်တဲ့အခါမှာ နံပါတ်(၁)ကျတဲ့အတွက်လည်း ကျေနပ်အားရမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝါသနာပါတဲ့ပညာရပ်ကို    ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေရဲ့အရှေ့မှာ အရင်ဆုံးဖော်ထုတ်ပြသခွင့်ရတဲ့အတွက် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အခုလို နှစ်စဉ်ကျင်းပပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ နောင်နှစ်တွေမှာ ကျင်းပမယ့် ပြိုင်ပွဲတွေကိုလည်း နှစ်စဉ်ပါဝင် ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။    ကျွန်တော့်ကို ကွက်စိပ်ပညာ အမွေပေးခဲ့တဲ့သူကတော့ ကျွန်တော့်ရဲ့အဖေဆရာဖြစ်တဲ့ မော်ကျွန်းမြို့က မြဝတီဦးစွယ်စုံဝင်းဖြစ်ပါတယ်။

မနှစ်ကပြိုင်ပွဲမှာလည်း ကျွန်တော်တို့ရဲ့ ဆရာကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့   ဒီကွက်စိပ်ပညာကို အမြတ်တနိုး တန်ဖိုးထားပြီး ထိန်းသိမ်းသွားမှာဖြစ်သလို ဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်လေးတွေကိုလည်း   ပညာအမွေ လက်ဆင့်ကမ်းသွားမှာ ဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ ဒီပြိုင်ပွဲကြီးကို လာရောက်ပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ ဧည့်ပရိသတ်တွေအရှေ့မှာ ကိုယ်တတ်ကျွမ်းထားတဲ့ ကွက်စိပ်ပညာရပ်ကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့လည်း ဒီပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပပြီး မြန်မာ့ရိုးရာအနုပညာကိုချစ်မြတ်နိုးတဲ့ မျိုးဆက်သစ်တွေကို ဆက်လက်မွေးထုတ်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မောင်စစ်ဇေယျာထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဆိုင်းတစ်ဦးချင်း၊ အဆင့်မြင့်ပညာအဆင့်

    အခုကျင်းပနေတဲ့ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ   ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအမျိုးအစား တော်တော်များများမှာ ပါဝင်ယှဉ်ပြိုင်ထားတာ ဖြစ်တဲ့အတွက် ခက်ခက်ခဲခဲနဲ့ကြိုးစား ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေ အားလုံးကလည်း   အရမ်းတော်ကြပါတယ်။ ဒီပြိုင်ပွဲကြီးကို   ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဆိုင်းပညာဆိုတာက မြန်မာလူမျိုးတွေ အမြတ်တနိုးတန်ဖိုးထားပြီး ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့   ရိုးရာယဉ်ကျေးမှု အနုပညာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပညာရပ်ကို ဆက်လက်ပြန့်ပွားနိုင်ဖို့ အတွက် ကိုယ်တတ်စွမ်းသမျှ ထုတ်ဖော်ပြသတဲ့ အနေနဲ့ အခုလိုပါဝင် ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအတွေ့အကြုံ နည်းသေးတဲ့အတွက် စင်ကြောက်တဲ့ အခက်အခဲလေးတော့ရှိပါတယ်။ ကျန်တဲ့ အပိုင်းတွေ အားလုံးအဆင်ပြေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာရောက်ကြတဲ့ ကျွန်တော်တို့လိုပြိုင်ပွဲဝင်တွေအတွက်   နေထိုင်စားသောက်ရေး၊ သွားရေးလာရေးနဲ့ ကျန်းမာရေးကအစ ဘာမှလိုလေသေး မရှိအောင် ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားတဲ့အတွက်လည်း တာဝန်ရှိသူတွေကို   အထူးကျေးဇူးတင်ပါတယ်။ အခုလို ပြိုင်ပွဲတွေကျင်းပပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်တွေပြန့်ပွားအောင် နှစ်စဉ်ဆောင်ရွက်ပေးနေတဲ့ အတွက် နိုင်ငံတော် အကြီးအကဲတွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ နောင်လာမယ့်နှစ်တွေမှာလည်း ဆက်လက်

ပြိုင်ပွဲဝင်သွားမှာဖြစ်ပါတယ်။