ချောင်းသာကမ်းခြေသို့ သီတင်းကျွတ် ရုံးပိတ်ရက် လာရောက် လည်ပတ်သူများဖြင့် စည်ကား

ချောင်းသာကမ်းခြေသို့ သီတင်းကျွတ် ရုံးပိတ်ရက် လာရောက် လည်ပတ်သူများဖြင့် စည်ကား

 

ချောင်းသာ  အောက်တိုဘာ  ၃၀

    ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေသို့ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒီသီတင်းကျွတ်ရုံးပိတ်ရက်မှာ ကျွန်တော်တို့ ချောင်းသာကမ်းခြေကို ဧည့်သည်ဝင်ရောက်မှုကတော့ ပြည့်နေတာပဲ။ သီတင်းကျွတ်မှာ စည်စည်ကားကားလေး ဖြစ်သွားပါတယ်။ အရင်နှစ်သီတင်းကျွတ်နဲ့စာရင် ဒီနှစ်ကပိုစည်ကားပါတယ်။ ပြည်တွင်းပြည်ပဧည့်သည်ဆိုပေမယ့် ပြည်တွင်းဧည့်သည်တွေ ပိုများပါတယ်။ ကျွန်တော်တို့ကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေနဲ့   နောက်တည်းခိုခန်းတွေ၊ ဒေသထွက်ကုန် အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ ကြိုတင်ပြင်ဆင်ထားကြတဲ့အတွက် အားလုံးအဆင်ပြေကြပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲမှ တာဝန်ရှိသူကပြောသည်။

ချောင်းသာကမ်းခြေသို့ ပြည်တွင်းပြည်ပ ဧည့်သည်များ ဝင်ရောက်မှုရှိသော်လည်း ပြည်တွင်းဧည့်သည်များ ကြိုက်နှစ်သက်သည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း၊ ကမ်းခြေမှာတစ်မိုင်ခွဲခန့်အရှည်ရှိပြီး စုစုရုံးရုံးပျော်ပျော်ရွှင်ရွှင်ဖြင့် မိသားစုအဖွဲ့များ၊ သူငယ်ချင်းများ၊ ရုံးအဖွဲ့များ၊ ကုမ္ပဏီများမှ အစုအဖွဲ့တို့ဖြင့် လာရောက်လည်ပတ်ကြကြောင်း  သိရသည်။

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာရေး အတွက် ကမ်းခြေတွင် ဈေးရောင်းချကြသည့်ဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျခင်းကျင်းရောင်းချရန်၊ စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန်နှင့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရန် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

ချောင်းသာကမ်းခြေသို့  လာရောက်လည်ပတ်သူများ အနေဖြင့် ကမ်းခြေတွင် စိတ်အေးချမ်းစွာ အနားယူအပန်းဖြေရင်း  ကမ်းခြေရှိ ဆုတောင်းပြည့်ဇမ္ဗူပတိ ရုပ်ပွားတော်အား ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်နိုင်ကြောင်း၊ ချောင်းသာကမ်းခြေအပြင် ဖိုးကုလားကျွန်းနှင့် သဲဖြူကျွန်းရေလယ်ဘုရားတို့သို့ စက်လှေ၊ မော်တော်ဘုတ်တို့ဖြင့် သွားရောက် လည်ပတ်နိုင်ကြောင်းနှင့် ကျောက်မောင်နှမဘုရားသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များစီး၍ သွားရောက် အပန်းဖြေနိုင်ကြောင်းလည်း သိရသည်။