ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း

 

ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း

မကွေးတိုင်းဒေသကြီး     ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ     ပြုလုပ်ရောင်းချ လျက်ရှိရာ သီတင်းကျွတ်လပြည့်ကျော်အထိ ဝယ်ယူသူများပြားပြီး  ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံအရှေ့ဘက်    မြို့မဈေးကြီးအဝင် ထင်းတန်းလမ်းတစ်လျှောက်နှင့်    သီဟိုဠ်ရှင်ဘုရားကြီးရှေ့တို့၌  ရောင်းချလျက်ရှိပြီး အဆိုပါမီးပုံးနှင့်အရုပ်များကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၃)ရပ်ကွက်၊  အမှတ်(၁၅)ရပ်ကွက်တို့မှ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက  လာရောက်ရောင်းချကြခြင်းဖြစ်သည်။

ထိုသို့ရောင်းချရာတွင် သီတင်းကျွတ်မီးပုံး၊ မီးဆိုင်းတစ်ခုလျှင်   အရွယ်အစားအလိုက် ငွေကျပ် ၅၀၀ မှ ၁၀၀၀၊ ကလေးကစားစရာ အရုပ်များဖြစ်သည့်   ယုန်ရုပ်၊ရွက်လှေ၊ လေယာဉ်ပျံ၊ ဇီးကွက်ရုပ်၊ ကြယ်ပုံစသည့် အရုပ်တစ်ခုလျှင် ငွေကျပ် ၁၅၀၀ မှ ၇၀၀၀  အထိ  အသီးသီး ရောင်းချလျက်ရှိကြောင်း၊ ရောင်းချသူများအနေဖြင့် တစ်ရက်လျှင် အနည်းဆုံး ငွေကျပ် ၁၀၀၀၀ကျော်မှ  အများဆုံး  ငွေကျပ်  ၅၀၀၀၀ အထိရောင်းချရကာ သီတင်းကျွတ်လပြည့်ကျော်အထိ ရောင်းအားကောင်းနေကြောင်း သိရသည်။

သီတင်းကျွတ်ကာလအတွင်း   မိမိတို့နေအိမ်၌ မီးထွန်းညှိပူဇော်ရန်နှင့် ကလေးများဆော့ကစားရန် မီးပုံးနှင့်ကလေး ကစားစရာအရုပ်များ ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။                

ဘာမီသာ(ပခုက္ကူ)