ပုသိမ်မြို့ဒေသထွက်ပုသိမ်ထီးများ ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်လာ

 

ပုသိမ်မြို့ဒေသထွက်ပုသိမ်ထီးများ ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်လာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှထွက်ရှိသော မြန်မာ့လက်မှုထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်သည့်   ပုသိမ်ထီးများ ဝယ်ယူမှုများပြားလာခြင်းကြောင့်  အရောင်း အဝယ်ကောင်းမွန်လာကြောင်း  ပုသိမ်မြို့ရှိ ပုသိမ်ထီး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အငယ်လေး၏ ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့ဒေသထွက် ပုသိမ်ထီးများကို ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံကမ်းခြေများသို့ လာရောက် လည်ပတ်သော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များက ပုသိမ်ထီးလုပ်ငန်းကို လာရောက်လေ့လာ ဝယ်ယူလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင် စသည့်မြို့များမှလည်း မှာယူမှုများကြောင်း သိရသည်။

ပုသိမ်မြို့မှာရှိတဲ့ ကမ်းခြေတွေကို လာရောက်လည် ပတ်တဲ့ခရီးသွားဧည့်သည်တွေက ဝယ်ယူကြတဲ့အပြင် ပွင့်လင်းရာသီရောက်လာတော့ တခြားဒေသတွေက မှာယူမှုတွေရှိလာတာကြောင့် ပုသိမ်ထီးက အရောင်းပြန်သွက်လာပါတယ်။ ဒီနှစ် စက်တင်ဘာလပထမပတ် လောက်ကတည်းက   ကုန်အမှာတွေရှိနေတာ ဖြစ်ပါတယ်။ ပုသိမ်မြို့ဒေသထွက်ပုသိမ်ထီးက အလှအပကို ဦးစားပေးပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုထုတ်ကုန်ပစ္စည်း ဖြစ်ပါတယ်။  ပုသိမ်ထီးကို အလှူမင်္ဂလာပွဲလမ်းသဘင်တွေမှာ အမျိုးသမီးတွေက ဖက်ရှင်တစ်ခုအနေနဲ့ အသုံးပြုတာလည်းရှိတယ်။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ခရီးသွားကုမ္ပဏီတွေမှာတော့ အလှဆင်ပစ္စည်းအဖြစ် အသုံးပြုကြတယ်ဟု ဒေါ်အငယ်လေးကပြောသည်။

ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တည်သီး၊ ဖဲဖျင်၊ ပိတ်စ စသည့်ပစ္စည်းများကို အသုံးပြုပြီး မြန်မာ့ရိုးရာအနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ပန်းချီရေးဆွဲခြင်းတို့ဖြင့် အလှဆင်ထားကာ ထီးတစ်လက်လုံးကို လက်ဖြင့်သာပြုလုပ်ရခြင်းဖြစ်ကာ ၄ လက်မအရွယ်အစားမှ ၁၀ လက်မအရွယ်အစားထိပြုလုပ်ကြောင်း၊  ပုသိမ်ထီးတစ်လက်လျှင်  ငွေကျပ် ၃၀၀၀ မှ တစ်သိန်းကျော်အထိ အရွယ်အစားအလိုက်   ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။

အဆိုပါပုသိမ်ထီးကို ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊  ကမ်းခြေသုံးထီး စသည့်ပုံစံအမျိုးမျိုး ပြုလုပ်ရောင်းချ လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း