ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးတစ်သိန်း ငါးသောင်းကျော်ဝင်ရောက်

 

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးတစ်သိန်း ငါးသောင်းကျော်ဝင်ရောက်

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ  ဘုရားဖူးလာရောက်သူ များပြားလျက်ရှိရာ အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ တစ်ခွင်လုံးဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဂေါပကအဖွဲ့ထံမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သာမန်ရက်များတွင်ပင် ဘုရားဖူး၊ လေ့လာရေးလာရောက်သူ   များပြားလျက်ရှိရာ သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန်ဘုရားဖူးဧည့်သည်များ၊ နှစ်ညသုံးညအိပ် မိသားစုဘုရားဖူးများ၊ မိတ်ဆွေအပေါင်းအသင်းများဖြင့် လာရောက်သည့် ဘုရားဖူးဧည့်သည်များ သိန်းချီဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သမိုင်းအထင်ကရဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊   စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊  ကန်တော့ပလ္လင်ဘုရား၊ မနူဟာဘုရား၊ ပြာသာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရားနှင့်    သဗ္ဗညုဘုရားကြီးတို့တွင် ကားများ၊ မီနီအိုးဝေများ၊ မြင်းလှည်းရပ်သည့်ကွင်းများတွင် ပြည့်နေသည်အထိ ဘုရားဖူးများ များပြားလျက်ရှိနေသည်။ ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း၊ ရင်မနားဘုရားစု၊  ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်းတိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊  လောကအုတ်သျှောင်ဘုရားတို့တွင်လည်း  ခရီးသွားဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ညောင်ဦးမြို့အတွင်း ရောင်းချလျက်ရှိသည့် ထမင်းဆိုင်များ၊ လက်ဆောင် ပစ္စည်းအရောင်းဆိုင်များ၊ လက်အလှပန်းချီဆွဲသူများ၊ မြင်းလှည်း၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ တစ်နေကုန်လိုက်နေရခြင်းကြောင့်  အလုပ်အကိုင်များကောင်းကာ ဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း သိရပြီး နေ့ချင်းပြန် ဘုရားဖူး လာသူများကိုလည်း စတုဒိသာကျွေးသူများဖြင့် စည်ကားလျက်ရှိကာ သီတင်းကျွတ်လပြည့်နေ့တွင ်ဘုရားဖူးများ တစ်သိန်းငါးသောင်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။        

  ဒီပါလင်း