ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတို့အကြား(၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတို့အကြား(၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၃၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်၍ ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော် သို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ရက်တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံတော်ကောင်စီဝင်  ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော် Horizon Lake  View ဟိုတယ်ရှိ Presidential Suite တွင် ညနေ ၄ နာရီမှ  ၅ နာရီအထိ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတို့အကြား (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို နေပြည်တော် Horizon Lake  View ဟိုတယ်ရှိ State Meeting Room ၌  ညနေ ၅ နာရီမှ ည ၆ နာရီအထိ ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်  ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Mr.Wang Xiaohong ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်  နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Lianyungang) နှင့်  တရုတ်-အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော  အစည်းအဝေးများ တက်ရောက်နိုင်ရေး လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇)ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊  တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော  တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊   နှစ်နိုင်ငံနယ်စပ်ဒေသများတွင်ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍   သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ်   စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင်     နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး   ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ရေး၊   နှစ်နိုင်ငံ  သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်း အချက်အလက် ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား  တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ် တစ်ရပ်ထားရှိရေးတို့ကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များအား ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်   အစည်းအဝေးမှတ်တမ်းအား နှစ်နိုင်ငံဝန်ကြီးများက  လက်မှတ်ရေးထိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း  သတင်း ရရှိသည်။

မြန်မာ-တရုတ်တရားဥပဒေစိုးမိုးရေးနှင့်  လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတ္တမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ည ည ၇ နာရီမှ  ၈ နာရီခွဲအထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။