လက်ဆောင်ပစ္စည်းလုပ်ငန်းအဖြစ်ပြောင်းလဲဆောင်ရွက်နေသည့် ကျောက်သင်ပုန်းလုပ်ငန်း

 

လက်ဆောင်ပစ္စည်းလုပ်ငန်းအဖြစ်ပြောင်းလဲဆောင်ရွက်နေသည့် ကျောက်သင်ပုန်းလုပ်ငန်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် အဓိကကျသောအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း MSME  များကို နိုင်ငံတော်က  အားပေးလျက်ရှိသည်။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့်  ယှဉ်ပြိုင်မှုစွမ်းရည်မြင့်မားစေရန် လုပ်ငန်းရှင်များ ကြိုးစားဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်၌ မြို့နယ်အလိုက်အလားအလာရှိသော ဒေသထွက်ကုန်များမှ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာပြီး အဆင့်မီစွာသုံးစွဲနိုင်သည့် ကုန်ပစ္စည်းများကိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေး သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ်ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မွန်ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း ၂၄၅၉ ခုကို မှတ်ပုံတင် ထုတ်ပေးထားပြီးဖြစ်သည်။

၂၀၁၅ ခုနှစ် MSME ဥပဒေ၊ ၂၀၁၇ ခုနှစ်နည်းဥပဒေအရ  အသေးစားစီးပွားရေးလုပ်ငန်း ၁၁၅၇ ခု၊ အလတ်စားစီးပွားရေးလုပ်ငန်း၂၁၉ ခုတို့အား  MSME  Member Card စုစုပေါင်း  ၁၃၇၆ ကတ်ထုတ်ပေးခဲ့ပြီး ပြည်နယ်အတွင်း မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းလည်ပတ်နိုင်ရေး၊ လုပ်ငန်းများချဲ့ထွင်နိုင်ရေး၊  လိုအပ်သော ချေးငွေရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်  မုဒွန်းကျေးရွာရှိ  မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် ကျောက်သင်ပုန်း လက်ဆောင်ပစ္စည်း လုပ်ငန်းလုပ်ကိုင်နေသော ဦးအောင်မိုးခိုင်နှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ရပါသည်။

မေး။  ။ ကျောက်သင်ပုန်း   လုပ်ငန်းကိုဘယ်အချိန်က စလုပ်ဖြစ်ပါသလဲရှင့်။

ဖြေ။   ။ ကျောက်သင်ပုန်းလုပ်ငန်းကို မျိုးရိုးစဉ်ဆက် အဘိုးအဘွား၊ အဖေအမေကစပြီး ယခုအချိန်ထိလုပ်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။    

မေး။ ။ ကုန်ကြမ်းကိုဘယ်လိုရရှိပါလဲရှင့်။

ဘာကျောက်အမျိုးအစားဖြစ်မလဲရှင့်။

ဖြေ။   ။ ကုန်ကြမ်းကို ယခင်ကမုဒွန်းကျေးရွာကျောက်သင်ပုန်းတောင်က ရရှိပါတယ်။ အနည်ကျကျောက်ကနေ အသွင်ပြောင်းတဲ့သင်ပုန်းကျောက်အမျိုးအစားပါ။ ကျောက်သား အနည်းငယ်ပွသဖြင့် ရွေပေါ်ထိုးပြီး ဆောင်ရွက်ရပါတယ်။ ကျောက်သင်ပုန်းကို စာရေးပြီးဖျက်ပါက အရာအနည်းငယ်ကျန်ပါတယ်။  နောက်ပိုင်း  ကုန်ကြမ်းထုတ်လုပ်မှုကုန်ကျစရိတ် များလာတဲ့အတွက် ကျောက်တွင်းကိုရပ်နားလိုက်ပြီး ပေါင်မြို့နယ်  ရင်းငြိမ်ဘက်ကထွက်ရှိတဲ့ သင်ပုန်းကျောက်ကိုဝယ်ယူပြီး  ဆောင်ရွက်တာပါ။ရင်းငြိမ်ဘက်က ထွက်ရှိ တဲ့ကျောက်က သံဓာတ်ပါဝင်မှုများတဲ့အတွက်   ကျောက်သားမာလို့ ကျောက်စက်နဲ့တိုက်ပြီး ဆောင်ရွက်ရတဲ့အတွက် ပိုပြီးခိုင်ခံ့ပါတယ်။ ရေးလို့လည်း ကောင်းပြီးဖျက်ရင်လည်း အရာမထင်ပါဘူး။

ကုန်ကျစရိတ်လည်းကွာခြားမှုမရှိပါဘူး

မေး။  ။ ဘယ်ဒေသတွေကိုဖြန့်ချိပါသလဲရှင့်။

ဖြေ။   ။ ကျောက်သင်ပုန်းက မုဒွန်းကျေးရွာမှာသာ ထုတ်လုပ်ပြီး အရင်ကကျောင်းသုံးဖြစ်တဲ့အတွက်   မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိပါတယ်။   အခုကျောင်းသုံးတာ ခေတ်မရှိတော့တဲ့အတွက် လက်ဆောင်ပစ္စည်းကဏ္ဍအဖြစ်ပြောင်းလဲပြီး မော်လမြိုင်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကိုဖြန့်ချိပါတယ်။

ပန်းချီကား၊   တိုင်ကပ်နာရီ၊ ကြော်ငြာဆိုင်းဘုတ် စသည်ဖြင့် ပြောင်းလဲထုတ်လုပ်ပါတယ်။  ပါကင်လှလှ ထုပ်ပိုးပြီး ခရီးသွားတွေကို ဆွဲဆောင်ရပါတယ်။   နွေရာသီခရီးသွားဧည့်သည်များရင် ပိုပြီးရောင်းအားကောင်းပါတယ်။ နိုင်ငံခြားသားတွေလည်း အိမ်အထိလာဝယ်ကြပါတယ်။ ဖောက်သည် ဝယ်ယူသူတွေကတော့ နိုင်ငံခြားထိပို့တာမျိုးတွေရှိတယ်။

မေး။  ။ ကျောက်သင်ပုန်းပစ္စည်းအမျိုးအစား  ဘယ်နှမျိုးထုတ်လုပ်ပါသလဲရှင့်။ ဘယ်လိုပစ္စည်းမျိုးက  ပိုပြီးရောင်းအားကောင်းပါသလဲရှင့်။

ဖြေ။   ။ ပစ္စည်းအမျိုးအစား ၁၀ မျိုးလောက်ထုတ်လုပ်ပါတယ်။ ကျောက်သင်ပုန်းပန်းချီ၊ ကျောက်သင်ပုန်းနာရီ၊ ကြော်ငြာအမျိုးမျိုး၊ဖိတ်စာအမျိုးမျိုး၊  နှစ်ပတ်လည်အထိမ်းအမှတ်၊ အစားအသောက်အမျိုးအမည်စတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ နှစ်ပတ်လည် အထိမ်းအမှတ်ပစ္စည်းမျိုး ကျောင်းတွေကမှာရင် ထောင်ချီပြီးရောင်းရပါတယ်။  မင်္ဂလာဖိတ်စာဆိုရင်   သူတို့ဖိတ်ကြားတဲ့   အရေအတွက်လောက် ဆောင်ရွက်ပေးရပါတယ်။ နာရီတွေလည်း ရောင်းအားကောင်းပါတယ်။ စားသောက်ဆိုင်တွေမှာ ရနိုင်တဲ့အစားအသောက်  အမျိုးအမည်ကြော်ငြာတွေ ရေးရတာမျိုးလည်းရှိပြီး အလှဆင်တဲ့ ပုံတွေမှာတာမျိုးလည်း ရှိပါတယ်။

မေး။  ။ ကျောက်သင်ပုန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ပြောပြပေးပါရှင့်။ ကျောက်သင်ပုန်းပေါင်က ဘယ်သစ်အမျိုးအစားကို သုံးရပါသလဲရှင့်။

ဖြေ။   ။ သင်ပုန်းကျောက်ကြမ်းတွေကို ရွေပေါ်ထိုးခြင်း၊ ကျောက်စက်နဲ့ဖြတ်ခြင်း၊ ကတ်ကြေးနဲ့ လေးဖက်လေးတန်ညီအောင်ညှိပေးခြင်း၊ စက်နဲ့ချောပေးခြင်း၊ ရေဆေးခြင်း၊  နေပူလှန်းခြင်း၊ ဆေးမည်းသုတ်ခြင်း၊ အခြောက်ခံခြင်း၊ ပေါင်ဖြတ်ခြင်း၊  အနားလုံးခြင်း၊ ရွေပေါ်ထိုးခြင်း၊ ပေါင်သွင်းခြင်း၊ ကော်ပတ်နဲ့အချောကိုင်ခြင်း၊ လေးဖက်လေးတန်သံရုတ်ခြင်းဆိုပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။  ကျောက်သင်ပုန်းပေါင်သစ်အမျိုးအစားကတော့ သစ်ဖြူသားကိုသုံးပါတယ်။

မေး။  ။ မုဒွန်းကျေးရွာမှာ ကျောက်သင်ပုန်းလုပ်ငန်းလုပ်ကိုင်သူဘယ်နှဦးရှိပါသလဲရှင့်။

ဖြေ။   ။ ကျောက်သင်ပုန်းလုပ်ငန်းက မုဒွန်းရွာမှာပဲရှိတဲ့အတွက်   လက်ရှိလုပ်ငန်းလုပ်ကိုင်သူ ၇ ဦးရှိပါတယ်။

မေး။  ။ ကျောက်သင်ပုန်း   ပန်းချီကားတစ်ချပ်ရေးဆွဲရင် ဘယ်နှရက်ကြာလဲ၊ ဘယ်ဈေးနဲ့ရောင်းရပါသလဲရှင့်။

ဖြေ။   ။ ကျောက်သင်ပုန်းပန်းချီကားတစ်ချပ်ကို ၃ ရက်ကြာအောင် ရေးဆွဲရပါတယ်။ဈေးတွေကတော့ အစားစားရှိပါတယ်။၃၀၀၀၀ တန်၊ ၄၀၀၀၀  တန်တွေ ရှိပါတယ်။ ရိုးရိုးကျောက်သင်ပုန်းတွေဆိုရင်ငွေကျပ် ၉၀၀ တန်ကအစရှိပါတယ်။

မေး။  ။ ဈေးကွက်အတွင်း လူသိများလာအောင်   ဘယ်လိုဆောင်ရွက်ပါသလဲ။

ဘယ်လိုပံ့ပိုးမှုတွေများရှိသလဲရှင့်။

ဖြေ။   ။ ကျွန်တော့် ကျောက်သင်ပုန်းလုပ်ငန်းက  တစ်နိုင်တစ်ပိုင်မိရိုးဖလာလုပ်ငန်းကို လက်ဆင့်ကမ်း   ဆောင်ရွက်လာတာပါ။ 

MSME Member  ဝင်ခဲ့ပြီး  MSME Meber Card လည်းရှိပါတယ်။ ပြည်နယ်အစိုးရကဆောင်ရွက်တဲ့   ကုန်စည်ပြပွဲ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်မှာလည်း ကျောက်သင်ပုန်းအမှတ်တရ ပစ္စည်းများပြသခြင်း၊ ရောင်းချခြင်းတွေဆောင်ရွက်တာမျိုးရှိပါတယ်။ ပြပွဲတွေဆောင်ရွက်ပေးတဲ့အတွက် ရောင်းအားကောင်းပြီး အဆင်ပြေပါတယ်။

မေး။ ။အခြားဘာများပြောချင်တာရှိပါသလဲရှင့်။

ဖြေ။   ။ မိဘပြည်သူများအနေနဲ့မွန်ပြည်နယ်ကထွက်တဲ့ သဘာဝအရင်းအမြစ်ကနေပြုလုပ်ထားတဲ့ ကျောက်သင်ပုန်းကို ထုတ်လုပ်မှုတိုးတက်လာအောင် ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ အမှတ်တရပစ္စည်းများကို အားပေးကြပါ။ အရည်အသွေးကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍမြှင့်တင်ပြီး ပြည်ပအထိထိုးဖောက်နိုင်အောင် ကြိုးစား ဆောင်ရွက်ပါ့မယ်။

နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည်ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် စီးပွားရေးဦးတည်ချက်တွင် တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟု ဦးတည်ချက်ချမှတ်ထားခြင်းဖြစ်သည်။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း   (MSME)သည် ကျေးလက်ဒေသများတွင် များစွာရှိသဖြင့် အလုပ်အကိုင်များ တိုးတက် အောင်မြင်လာသည်နှင့်အမျှ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ပြီး ကုန်ကြမ်းထုတ်လုပ်မှုမှ ကုန်ချောထုတ်လုပ်မှုနှင့် ဖြန့်ဖြူး ရောင်းချမှုအထိ ကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင်သူများအနေဖြင့် ဝင်ငွေရရှိမှုရှိသဖြင့် လုပ်ငန်းများ တိုးတက်အောင်မြင်လာသည်နှင့်အမျှ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။  ။

တွေ့ဆုံမေးမြန်းသူ-နှင်းဆီနွယ်

ဓာတ်ပုံ-သူရအောင်