ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာ၌ သံပရိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာ၌ သံပရိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဥယျာဉ်ခြံမြေနှင့် ကိုင်း၊ ကျွန်းမြေများတွင်  နှစ်ရှည်သီးနှံပင်များဖြစ်သော သရက်၊ သံပရို၊ မာလကာ  စသည့်သီးနှံများနှင့် ကာလတိုဟင်းသီးဟင်းရွက်များ ဖြစ်သော နံနံ၊ ဆလတ်၊ ဘူး၊ မုန်ညင်း၊ ခဝဲ၊ကြက်ဟင်းခါး စသည့်သီးပင်စားပင်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆည်ကုန်းကျေးရွာမှ သံပရိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ သံပရိုစိုက်တောင်သူများ အနေဖြင့် ကိုင်းကူးမျိုးကို အဓိကထားစိုက်ပျိုးကြကြောင်းနှင့် ကိုင်းကူးမျိုးသည်  စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် စတင်ခူးဆွတ်ရပြီး  ၃ နှစ်အရွယ်တွင် အသီးများသီးသည်။

သံပရိုစိုက်ပျိုးမည်ဆိုပါက အပင်သန်မာစေရန်နှင့် ကိုင်းဖြာထွက်မှု ကောင်းမွန်စေရန်အတွက်  မြေအမျိုးအစားပေါ် မူတည်၍ တစ်ပင်နှင့်တစ်ပင် ၁၆ ပေမှ ၁၈ ပေအကွာ အတန်းလိုက် စိုက်ပျိုးမှသာ နေရောင်ခြည်ကောင်းစွာရရှိပြီး  လေဝင်လေထွက်ကောင်း၍ လှပသောအသီးများ ရရှိမည်ဖြစ်ကြောင်း၊ သံပရိုပျိုးပင် တစ်ပင်လျှင်ငွေကျပ် ၈၀၀ ဖြင့်ဝယ်ယူကာ အပင် ၁၀၀ စိုက်ပျိုးရကြောင်း သံပရိုစိုက်ပျိုးသူ ဦးမြင့်သိန်းကိုက ပြောသည်။

 သံပရိုသီးသည် အပင်ငယ်သည့်အချိန်တွင် ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေဆွခြင်းကို ဆောင်ရွက်ပေးရပြီး  ရေကြိုက်နှစ်သက်သည့် အတွက်  အစိုဓာတ်မပြတ်စေရန် ရေသွင်းပေးရသည်။  လိုအပ်သည့်အချိန်တွင် မြေသြဇာကျွေးခြင်းနှင့် သစ်ကိုင်းခြောက်များ ရှင်းပေးရသည်။  သံပရိုသီး စတင်ခူးဆွတ်ချိန်တွင် အလုံးရေနည်းပါး သော်လည်း အပင်သက်တမ်း သုံးနှစ်ကျော်လာပါက  အသီးသီးကြောင်း၊  သံပရိုသီးနှံသည် နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်ပြီး အပင်အပြုအစုကောင်းပါက နှစ်ပတ်လည် အပွင့်များနှင့်အသီးများ အဆက်မပြတ် သီးကြောင်း၊ ရောင်းချရာတွင် ဈေးကွက်နှင့်  အသီးအထွက်နှုန်းပေါ် မူတည်၍ အသီးများ ခူးဆွတ်ရောင်းချကြောင်း သိရသည်။