ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ ဘွဲ့ရမောင်မယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်

 

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ ဘွဲ့ရမောင်မယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်

 

နေပြည်တော်  အောက်တိုဘာ  ၃၁

    ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး   မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိနိုင်ရေး အတွက် လုပ်ငန်းခွင်ဝင် သင်တန်းကို ဖွင့်လှစ် ပို့ချပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် တာဝန်ထမ်း ဆောင်ကြရမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုးက   ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)မှ   အောက်တိုဘာလအတွင်း ကျောင်းဆင်းသည့် ကျောင်းသား ၃၈  ဦး၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၅၃ ဦးတို့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြ မည်ဖြစ်ကြောင်း၊   မိမိတို့ဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊    ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို အဓိက ရည်မှန်းချက်ထားကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘွဲ့ရမောင်မယ်များ အနေဖြင့် သက်ဆိုင်ရာဌာနများသို့ ရောက်ရှိတာဝန် ထမ်းဆောင်ကြသည့်အခါ မိမိတို့ဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာထားကာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြရန်  မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကျောင်းဆင်းဘွဲ့ရ မောင်မယ်၅၃ ဦးတို့က  တစ်ဦးချင်း မိတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။