ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဓမ္မမာမကကျောင်းတိုက် ဦးစီးပဓာနနာယက ဝေဠုဝန်နိကာယဂိုဏ်း ဂဏာဓိပတိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပညာဝံသမဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဓမ္မမာမကကျောင်းတိုက် ဦးစီးပဓာနနာယက ဝေဠုဝန်နိကာယဂိုဏ်း ဂဏာဓိပတိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပညာဝံသမဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

 

နေပြည်တော်  အောက်တိုဘာ  ၃၁

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁၀/တောင်(၁၂)ရပ်ကွက် ဇေယျဝတီ(၂)လမ်း ဓမ္မမာမကကျောင်းတိုက် ဦးစီးပဓာနနာယက ဝေဠုဝန်နိကာယဂိုဏ်း ဂဏာဓိပတိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပညာဝံသ သက်တော် (၁၀၄)နှစ် သိက္ခာ(၈၄)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်၊ (၃၀-၁၀-၂၀၂၃) ရက်၊   တနင်္လာနေ့၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။                                                                                                                                    

နိုင်ငံတော်သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁၀/တောင်(၁၂)ရပ်ကွက် ဇေယျဝတီ(၂)လမ်း ဓမ္မမာမကကျောင်းတိုက် ဦးစီးပဓာနနာယက ဝေဠုဝန်နိကာယဂိုဏ်း ဂဏာဓိပတိဆရာတော် ဘဒ္ဒန္တပညာဝံသ၏  ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

    ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ ခမည်းတော် ဦးတင့်+ မယ်တော် ဒေါ်ဖွားရှင်တို့မှ ၁၂၈၂ ခုနှစ် တပေါင်းလပြည့်ကျော် ၆ ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

    ဆရာတော်လောင်းလျာသည် ၁၂၉၇ ခုနှစ်တွင် ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ စမ္ပါယ်ရုံကျောင်း ဆရာတော် ဘဒ္ဒန္တသောမကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၃ ခုနှစ် နယုန်လပြည့်ကျော် ၁၀ ရက်နေ့တွင် စမ္ပါယ်ရုံကျောင်းခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တသောမကို ဥပဇ္ဈာယ်ပြုလျက် ခင်မွန်ကျေးရွာနေ ဒါယိကာမကြီး ဒေါ်ဉာဏ်၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း

    ဆရာတော်လောင်းလျာသည်  ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ စမ္ပါယ်ရုံကျောင်းဆရာတော် ဘဒ္ဒန္တသောမ၊ ရွှေဘိုမြို့နယ်  မင်းရွာကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏ၊ မန္တလေးမြို့ အနောက်ပြင် စိန်ပန်းဓမ္မိကာရုံကျောင်းဆရာတော်  ဘဒ္ဒန္တနရပတိ၊ ရန်ကုန်မြို့  တာမွေမြို့နယ် ဒေဝသာဂရသိမ်ကုန်း ကျောင်းတိုက်ဆရာတော်  စသောဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပါသည်။

သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း

     ဆရာတော်သည် သာကေတမြို့နယ် ၁၀/တောင်(၁၂)ရပ်ကွက်တွင်   ဓမ္မမာမကကျောင်းတိုက်ကို တည်ထောင်၍ စာသင်သား ရဟန်းသာမဏေများအား ပရိယတ္တိစာပေများ  သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် ၁၃၄၄ ခုနှစ်မှစ၍ ဝိနည်းဓိုရ်ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၁၃၇၀ ပြည့်နှစ်တွင် ဝေဠုဝန်နိကာယဂိုဏ်းကြီး၏ ဂဏရက္ခိတဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၁၃၇၇ ခုနှစ်မှစ၍ ဝေဠုဝန်နိကာယဂိုဏ်းကြီး၏ ဂဏာဓိပတိဆရာတော်အဖြစ် လည်းကောင်း၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်အဖြစ် လည်းကောင်း သာသနာ့တာဝန်များကို   ထမ်းဆောင်တော်မူခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

    ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၁၀၄)နှစ် သိက္ခာတော်(၈၄)ဝါအရ ၁၃၈၅ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်၊ (၃၀-၁၀-၂၀၂၃)၊ တနင်္လာနေ့၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း   သာသနာရေး ဦးစီးဌာနမှ  သတင်းရရှိသည်။