မြန်မာ့အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူများ၏ စကားသံများ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်မှ ၃၁ ရက်အထိ  နေပြည်တော်တွင် ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားတွင် မြန်မာ့အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူများ၏ စကားသံများအား ဖော်ပြလိုက်ရပါသည်။

ဦးဌေးအောင်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်

    (၂၄)ကြိမ်မြောက်    မြန်မာ့   ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် နိုင်ငံတော်မှ ရွှေတံဆိပ်ပေါင်း ၁၈၄ ဆုချီးမြှင့်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ရွှေတံဆိပ် ၈၈ ခု၊ ငွေတံဆိပ်၂၇ ခု၊ ကြေးတံဆိပ် ၂၇  ခု စုစုပေါင်း ၁၄၂  ဆုရရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင် ယခင်နှစ်ထက်ပိုပြီး အောင်မြင်တာကိုတွေ့ရပါတယ်။ အဓိကကတော့ မျိုးဆက်သစ်လူငယ်တွေ အများအပြား ပါဝင်လာတာကို တွေ့ရပါတယ်။   မြန်မာ့ရိုးရာ ယဉ်ကျေးမှုမှာ  ခက်ခဲပြီး ထိန်းသိမ်းရမယ့်ပညာရပ်တွေဖြစ်တဲ့  ဒုံမင်း၊ ဂီတာတို့ပြိုင်ပွဲတွေမှာ မျိုးဆက်သစ်တွေ အများကြီးပါဝင်လာတာကို တွေ့မြင်ရတဲ့အတွက်  အထူးဝမ်းမြောက်မိပါတယ်။   မြန်မာ့ရိုးရာ ဆိုတာကတော့   နောင်မျိုးဆက်သစ် လူငယ်တွေက အဓိကထိန်းသိမ်းရမည့် တာဝန်ဖြစ်ပြီး  ဒီနှစ်ပြိုင်ပွဲမှာဆိုရင် အသက်အရွယ်ကြီးသူတွေကိုတောင်  အသက် ၇၅ နှစ်၊ အသက် ၈၀  နှစ်တွေကအစ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို  မြတ်နိုးတန်ဖိုးထားတာကို တွေ့ရပါတယ်။  နိုင်ငံတော်အကြီးအကဲကလည်း    ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

မဇော်မဆီး မဟာဂီတအခြေခံ(အသက် ၁၅ နှစ်မှ ၂၀ နှစ်) ဒုတိယဆု

     ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်  ဝိုင်းမော်မြို့နယ်ကနေ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့ပါတယ်။ တိုင်းရင်းသား တစ်ယောက်အနေနဲ့ ဆုရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုပွဲတွေ ကျင်းပပေးတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အလွန်အကျိုးရှိတယ်။ ဘာလို့ဆိုရင် မြန်မာဂီတတွေကို မဆိုနိုင်တဲ့သူတွေက  များတယ်လေ။  သမီးတို့ဆိုပြတော့ အံ့သြတဲ့သူတွေ များတယ်။ သမီးတို့ ဒါတွေဆိုနိုင်တယ်ပေါ့ ဆိုပြီးပေါ့။ သူတို့တွေကိုလည်း ဝင်ပြိုင်ခိုင်းစေချင်တယ်။ ဒါတွေက အရမ်းကိုကောင်းတဲ့အရာတွေ ကြောင့်မို့ပါ။ မဟာဂီတရွေးချယ်ဖြစ်တာကတော့ သမီးတို့ကျောင်းဂုဏ်၊  လူမျိုးဂုဏ် ဆောင်ချင်တဲ့အတွက် ယှဉ်ပြိုင်ဖြစ်တာပါ။

ဦးလွင်အောင်(ဝါသနာရှင် ဒုတိယတန်း၊ ခေတ်ဟောင်း၊ ကာလပေါ်) ပထမဆု

    ရန်ကုန်တိုင်းဒေသကြီး   ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ဝါသနာရှင် ဒုတိယတန်း၊ ခေတ်ဟောင်း၊ ကာလပေါ် ပထမဆု ရွှေတံဆိပ်ရရှိပါတယ်။ အတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း  အနုပညာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ ဒီလိုဆုရရှိဖို့အတွက်လည်း အများကြီး ကြိုးစားထားပါတယ်။ ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ဒီအတွက်လည်း အရမ်းဂုဏ်ယူပါတယ်။ မြန်မာ့ဂီတအတွက် တတ်နိုင်တဲ့ဘက်ကနေ အမြဲကြိုးစားသွားမှာပါ။ ဂီတအသံဟာ လူမျိုးအသံပါ။ ဂီတသာမက အနုပညာနဲ့ပတ်သက်တဲ့   အလုပ်မှန်သမျှကို ပံ့ပိုးပေးနေတဲ့ နိုင်ငံတော်အကြီးအကဲများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်နှစ်ဆို ငွေရတုဖြစ်ပြီ။ နောင်နှစ်ပေါင်းများစွာ  ရတုအဆက်ဆက် ပံ့ပိုးပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

အေးမြတ်မွန်(အဆင့်မြင့်ပညာ  ခေတ်ဟောင်း၊ ကာလပေါ်) ဒုတိယဆု

    ကယားပြည်နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဒုတိယဆုရရှိခဲ့ပါတယ်။ ဒီလို ဆုရရှိတဲ့အတွက်လည်း အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ ခင်မွန်ရွာသူ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဒုတိယဆု ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဝင်ပြိုင်ခဲ့တယ် ဆုတော့မရခဲ့ဘူး။ မနှစ်က အတွေ့အကြုံနဲ့ ဒီနှစ်မှာ ပြန်လည်ပြင်ဆင်ပြီး ဒီနှစ်မှာတော့ ဒုတိယဆုရရှိပါတယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မယ့် ဒီလိုပြိုင်ပွဲတွေကို ကျင်းပပေးတဲ့အတွက်  ဝမ်းသာဂုဏ်ယူမိပါတယ်။

မောင်ဥက္ကာစွမ်းသာ (ဝါသနာရှင် ပထမတန်းအဆင့်(အမျိုးသား)အကပြိုင်ပွဲ) ပထမဆု

    ရန်ကုန်တိုင်းဒေကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့ပါတယ်။ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် အလွန် ကောင်းပါတယ်။ အနယ်နယ်အရပ်ရပ်မှ မြန်မာ့ရိုးရာကို ချစ်မြတ်နိုးတဲ့ လူငယ်မျိုးဆက်သစ်တွေ အများကြီး ပေါ်ထွက်လာပါတယ်။နှစ်စဉ်လည်း  ကျင်းပပေးစေချင်ပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာ တန်ဖိုးထားမြတ်နိုးသူအတွက် အလွန်ကောင်းပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံက   ဘာသာတရားနှင့် ယဉ်ကျေးမှုကို အခြေခံပြီး တည်ဆောက်ထားတာပါ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပျောက်မယ်။ လူမျိုးပျောက်ရင် ဘာသာတရားပါ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့်  မိမိအမျိုးအပေါ် ချစ်တဲ့စိတ်၊   ယဉ်ကျေးမှုအပေါ်ချစ်တဲ့စိတ်  လူတိုင်းကိုယ်စီမှာထာဝရ ရှင်သန်စေချင်ပါတယ်။

မောင်မိုးယံထက် (အဆင့်မြင့်ပညာအဆင့်၊ အရေးပြိုင်ပွဲ) ပထမဆု

    ဧရာဝတီတိုင်းဒေသကြီးမှ အဆင့်မြင့်ပညာအဆင့် အရေးပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ပြီး  ပထမဆုရရှိခဲ့ပါတယ်။ တချို့ကတော့   ရိုးရာချစ်တာကို   ခေတ်အမြင် နောက်ကျတယ်လို့  မထင်စေချင်ပါဘူး။ဒါတွေက ခေတ်နောက်ကျတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ချစ်တာပါ။ ရိုးရာရှိမှ  ယဉ်ကျေးမှုဆိုတာရှိတာပါ။ နိုင်ငံတိုင်းမှာ မိမိတို့ရိုးရာယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းကြသလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း  ရှေးခေတ်အစဉ်အဆက်က ကာကွယ်ထိန်းသိမ်း လာကြတဲ့ရိုးရာယဉ်ကျေးမှုကို    ကျွန်တော်တို့လို မျိုးဆက်သစ်လူငယ်တွေကလည်း ထိန်းသိမ်းရမှာပါ။ အခုလို နှစ်စဉ်ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက်   မျိုးဆက်သစ်လူငယ်တွေအတွက်တော့    ယဉ်ကျေးမှုအနှစ်သာရကို  ဆက်လက်ဖော်ဆောင် နိုင်တဲ့အပြင်    မိမိတို့အစွမ်းအစတွေကို ဖော်ထုတ်ပြသနိုင်မှာ ဖြစ်တဲ့အတွက် နှစ်စဉ်ကျင်းပပေးပါလို့ တောင်းဆိုပါတယ်။

ဒေါ်လွင်မာသိန်း (ဝါသနာရှင် ပထမတန်း အတီးပြိုင်ပွဲ) ပထမဆု

    တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသမီး ဝါသနာရှင် စောင်းတီးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလို ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေ ကျင်းပပေးတာက အရမ်းကောင်းပါတယ်၊။  အခုလိုပြိုင်ပွဲတွေ နှစ်စဉ်မကျင်းပပေးဘူးဆိုရင်   မြန်မာ့ရိုးရာ ယဉ်ကျေးမှုကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာနိုင်ပါတယ်။   အခုလို နှစ်စဉ်ကျင်းပပေးတဲ့အတွက် လူငယ်၊ လူကြီးအားလုံးပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး   မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေက ရှင်သန်နေမယ်လို့မြင်မိပါတယ်။