အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်ဝင်ပွဲနှင့် အင်းသားရိုးရာလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်ဝင်ပွဲနှင့် အင်းသားရိုးရာလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ သာလေး ကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာရှိ ဖောင်တော်ဦးမြတ်စွာဘုရားသည် အင်းလေး ဒေသ ၂၁ ဌာနတွင် ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာမှ ကိန်းဝပ်စံပယ်တော် မူသော မူလစံကျောင်းဆောင်သို့ ကျောင်းတော်ဝင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဆောင်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကရဝိတ်ဖောင်တော်ကြီးပေါ်မှတစ်ဆင့် ဖောင်တော်ဦးဘုရား ရုပ်ပွားတော် ၄ ဆူအား စံကျောင်းတော်အတွင်းသို့ ပင့်ဆောင်ပူဇော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမ့်ဟူးကျောင်းဆောင်၌ နိုင်ငံတော် ဩဝါဒစရိယ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက် ပထမစာသင် တိုက် ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး သံဃာတော်များထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

   ထို့နောက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ပြီး လှေလှော်ပြိုင်ပွဲတွင်  ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်း များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီး မြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။