သဘာဝကုန်ကြမ်းပစ္စည်းဖြင့်ပြုလုပ်ထားသည့်  “ ဈာန်”  သဘာဝဓနိဖူးခြောက်လုပ်ငန်း တွေ့ဆုံမေးမြန်းထားမှု့

သဘာဝကုန်ကြမ်းပစ္စည်းဖြင့်ပြုလုပ်ထားသည့်  “ ဈာန်”  သဘာဝဓနိဖူးခြောက်လုပ်ငန်း

 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ  ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”  ကိုဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ကူညီဆောင်ရွက်လျက်ရှိပြီး ကုန်စည်ပြပွဲများ ကျင်းပခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းများ ကျင်းပခြင်း၊ နည်းပညာများ လွှဲပြောင်းပေးခြင်း၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲနှင့်ပြပွဲများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ သုံးစွဲခွင့် MSME  မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလမ်းညွှန် အကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် နိုင်ငံ့စီးပွားရေး၏  ၉၀  ရာခိုင်နှုန်းကျော်ရှိသဖြင့်  MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကြီးပွားတိုးတက်လာပါက နိုင်ငံ့စီးပွားရေးမှာလည်း မြင့်မားလာမည်ဖြစ်သည်။

အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် One Region One Product ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အစီအစဉ်သည်  ကျေးလက်နေ မိသားစု ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ အသက်မွေးဝမ်းကျောင်း    ပိုမိုခိုင်မာလာစေရေးနှင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်သည်။ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုလုပ်ငန်း အဖြစ်ဆောင်ရွက်လျက်ရှိသော မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာရှိ “ဈာန်”  သဘာဝဓနိဖူးခြောက် လုပ်ငန်း လုပ်ကိုင်နေသော  ဦးသိန်းနိုင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး။   ။ ဓနိဖူးခြောက်လုပ်ငန်းကို ဘယ်အချိန်က စတင်ဆောင်ရွက်ဖြစ်ပါသလဲရှင့်။

ဖြေ။   ။၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ပြီး ဈေးကွက်ထဲကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထုပ်ပိုးမှုပုံစံ ပြောင်းလိုက်မှ ရောင်းအားတက်လာပါတယ်။

မေး။   ။ ဓနိဖူးခြောက်  ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို ဘယ်လိုရရှိပါသလဲရှင့်။

ဖြေ။   ။ ကိုယ်ပိုင်ဓနိခြံ ဧက ၈၀ ရှိပါတယ်။ အဲဒီကရတာပါ။

မေး။   ။ ဓနိဖူးခြောက်ကို ဘယ်ကာလတွေမှာ ထုတ်လုပ်ဖြစ်ပါသလဲရှင့်။

ဖြေ။   ။ ဓနိဖူးခြောက်ကို ဒီဇင်ဘာလမှ ဧပြီလအထိ တစ်နှစ်မှာငါးလဆောင်ရွက် ရပါတယ်။ ဓနိဖူးကို ခြောက်သွေ့အောင် နေလှန်းရတဲ့အတွက်   နွေရာသီမှာပဲ ဆောင်ရွက်လို့ရပါတယ်။

မေး။   ။ ဓနိဖူးခြောက်  စလုပ်ဖြစ်ပုံကို ရှင်းပြပေးပါဦးရှင့်။

ဖြေ။   ။ဓနိခြံရှိတဲ့အတွက် ဓနိရဲ့အသုံးဝင်ပုံတွေကို လေ့လာပြီး သင်တန်းတွေတက်ပါတယ်။ ပညာရှင်တွေကို  မေးမြန်းပြီး ဆောင်ရွက်ပါတယ်။ ဓနိတစ်ပင်လုံး အမျိုးမျိုး အသုံးပြုလို့ရပြီးတော့ တစ်ပင်လုံးရဲ့ အသက်ဟာ  ဓနိဖူးလေးဖြစ်ပါတယ်။ အင်မတန်မှ  ဆေးဖက်ဝင်တဲ့အတွက်  ဒီလုပ်ငန်းကို စလုပ်ဖြစ်ခဲ့ပါတယ်။ အရင်ကတော့အိမ်မိုးတဲ့   ဓနိဖက်လုပ်ငန်းပဲ လုပ်ကိုင်တာပါ။

မေး။   ။ ဓနိဖူးခြောက် လုပ်ကိုင်ပုံကို ပြောပြပေးပါရှင့်။

ဖြေ။   ။ ရာသီဥတုကောင်းမွန်မှသာ ဓနိပင်မှဓနိဖူးခုတ်ရန် လုပ်သား ၅ ဦး ငှားရမ်းပြီး လုပ်ဆောင်ရပါတယ်။ ဓနိပင်ကနုန်းတင် မြေနုထဲမှာပေါက်တဲ့အတွက် ရေအထပ်ထပ်ဆေးပြီး ရေစစ်ထားရပါတယ်။  ပြီးရင် ပွင့်ဖတ်၊ ရိုးတံအမျိုးအစားခွဲကာ ကွမ်းညှပ်နဲ့ ပါးပါးဖြတ်ပြီး   ချက်ချင်းနေလှန်း ရပါတယ်။ နေလှန်းနောက်ကျပါက အရောင်ပြောင်းပြီး လေလွင့်တာ၊ အာနိသင်ပျက်တာတွေဖြစ်ပေါ်တတ်လို့     ခြောက်သွေ့ပြီး စိုထိုင်းဆမကျန်အောင် လုပ်ပြီးမှသာ   ထုပ်ပိုးသိမ်းဆည်းပါတယ်။

မေး။   ။ဓနိဖူးခြောက် အသုံးပြုပုံကို ပြောပြပေးပါဦးရှင့်။

ဖြေ။   ။ သဘာဝဓနိဖူးခြောက်ကို ပုံစံနှစ်မျိုး ထုပ်ပိုးထားပါတယ်။ Net Weight  50 gm အထုပ်ကြီးတစ်ထုပ်နဲ့  50 gm အထုပ်သေး ၁၀ ထုပ် နှစ်မျိုးထုပ်ပိုးထားပါတယ်။   အထုပ်ကလေးတစ်ထုပ်ကို ရေတစ်လီတာစိမ်ပြီး  သောက်သုံးနိုင်ပါတယ်။ အနံ့လေးသင်းကာ သောက်ရလွယ်ကူစေပြီး အာမခံကာလ ၂ နှစ် ပေးထားပါတယ်။ အဲ့ဒီကာလမှာ အရောင်မပြောင်းပါဘူး။ အမြဲသောက်သုံးပါက အရွယ်တင်နုပျိုစေပါတယ်။ (ဆီးချိုဆေးသောက်သုံးနေသူများ ဆီးချိုဆေးနဲ့ တွဲဖက်သောက်သုံးရန် မသင့်ပါ။)

မေး။   ။ ဓနိဖူးခြောက်ကိုအသုံးပြုပါက ကျန်းမာရေး အထောက်အကူပြုပုံလေးကို သိပါရစေရှင့်။

ဖြေ။   ။ ဓနိဖူးခြောက်ရေနွေးရဲ့ အာနိသင်တွေကတော့ သွေးတိုး၊ ဆီးချို၊ သွေးတွင်း အဆီဓာတ်တွေကို ချေဖျက်နိုင်တယ်။ အစာအိမ်သမား၊ ကင်ဆာဖြစ်နေသူတွေ အတွက်သက်သာစေတယ်။ ဓနိထွက်ပစ္စည်းဟာ   သဘာဝအော်ဂဲနစ်ဖြစ်တဲ့ အတွက် ဂျင်ဆင်းထက် ဓနိဖူးမှာ    Antioxidant အဆပေါင်း ၄၄ ဆ ပိုတယ်လို့ ကိုရီးယားအစားအစာနဲ့ အာဟာရပညာရှင်တွေက ဆိုပါတယ်။    ဆေးဖက်ဝင်အဖိုးတန် ရတနာတစ်ပါးဖြစ်ပြီး   သိရှိသူနည်းပါတယ်။ Google မှာလည်း ရှာဖွေနိုင်ပါတယ်။

မေး။   ။ သဘာ၀  ဓနိဖူးခြောက်ကို မှတ်ပုံတင်ထားရှိမှု အခြေအနေနဲ့ ပြည်နယ်အစိုးရမှ ပံ့ပိုးပေးမှုကိုလည်း ရှင်းပြပေးပါဦးရှင့်။

ဖြေ။   ။ မွန်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမှာ အမှတ် အစ-၁၀(၀၀၀၄၅၂)  ဖြင့်မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ သဘာဝဓနိဖူးခြောက် လုပ်ငန်းမှာလည်း MSME Member Card ရှိပါတယ်။ ချောင်းဆုံမြို့နယ်  အသေးစား စက်မှုလက်မှု လုပ်ငန်း   သမဝါယမ အသင်းဝင်ဖြစ်တဲ့အတွက် MSME အစီအစဉ်နဲ့ လုပ်ငန်း ၄ ခုစုပေါင်းပြီး ချေးငွေယူထားပါတယ်။ ချေးငွေတွေကိုလည်း အကျိုးရှိရှိ အသုံးချသွားမှာဖြစ်ပါတယ်။

မေး။   ။ သဘာ၀   ဓနိဖူးခြောက်ကို ဘယ်ဒေသတွေကို ဖြန့်ချိပါသလဲရှင့်။

ဖြေ။   ။ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိပါတယ်။ သဘာဝဓနိဖူးခြောက်ကို ရန်ကုန်၊ မန္တလေး၊  နေပြည်တော်နဲ့  မော်လမြိုင် ကုန်စည်ပြပွဲတွေမှာ  ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းနဲ့  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ကိုယ်စားလှယ်ဈေးနှုန်းနဲ့ ဖြန့်ချိဆောင်ရွက်ပေးတဲ့အတွက် ပစ္စည်းကို လူသိများပြီး ရောင်းအားကောင်းလာပါတယ်။ မိသားစု တစ်နိုင်တစ်ပိုင် ဆောင်ရွက်တာဖြစ်တဲ့အတွက် ဝင်ငွေလည်းတိုးပြီး စီးပွားရေး အဆင်ပြေပါတယ်။

မေး။   ။ ဓနိဖူးခြောက် လုပ်ငန်းအပြင်  အခြားလုပ်ငန်းတွေ တိုးချဲ့ဖို့ရောရှိပါသလားရှင့်။

ဖြေ။   ။ ဓနိဖူးခြောက် လုပ်ငန်းအပြင် ဓနိဝိုင်လုပ်ဖို့    အစီအစဉ်ရှိပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဓနိခြံတွေ ဧကထောင်ချီပြီး အများကြီးရှိတဲ့အတွက် သင်တန်းတွေတက်ပြီး ဆောင်ရွက်သွားမှာပါ။ ပထမအကြိမ် ဓနိဝိုင်ပြုလုပ်နည်း  သင်တန်းကို မွန်ပြည်နယ် စိုက်ပျိုးရေး အခြေခံအစားအစာ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ  ဖြန့်ဝေပေးရေးသင်တန်း ၂၈-၉-၂၀၂၃ ရက်နေ့မှ ၃၀-၉-၂၀၂၃ ရက်နေ့အထိ ပြည်နယ်ခန်းမမှာ စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ပါတယ်။ နောက်လည်းသင်တန်းတွေ ဆက်တက်သွားမှာပါ။  ဓနိတစ်ပင်လုံးကို ဓနိဝိုင်ဆောင်ရွက်နိုင်ပါက  ပိုပြီး ရောင်းအားကောင်းလာမယ်။ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ပြည်သူအများကြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာဖြစ်တဲ့အတွက် ကြိုးစားဆောင်ရွက်သွားပါ့မယ်။

မေး။   ။ စားသုံးသူပြည်သူတွေကို ဘာပြောချင်တာရှိပါသလဲရှင့်။

ဖြေ။   ။ သဘာ၀   ဓနိဖူးခြောက်ကို သောက်သုံးကြပါ။ ဝယ်ပြီးသောက်သုံးမှ မဟုတ်ပါဘူး။  ဓနိထွက်တဲ့ ဒေသတိုင်း မိမိမြို့ရွာမှာရှိတဲ့ ဓနိပင်က ဓနိဖူးခြောက်ကို ရေနွေးနဲ့   သောက်သုံးနိုင်ပါတယ်။ သောက်သုံးသူတိုင်း     အကျိုးအာနိသင်ကောင်းတွေ လက်တွေ့ရရှိပြီး ကျန်းမာရေး ပိုမိုကောင်းမွန်ပါတယ်။

မွန်ပြည်နယ်အတွင်း MSME  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် One Region One Product အစီအစဉ်ဖြင့် မိမိဒေသနှင့် ကိုက်ညီသည့်  ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့်  လုပ်ငန်းရှင်များ အားလုံးပူးပေါင်း ဆောင်ရွက်သွားပါက လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းနှင့် သဘာဝဓနိဖူးခြောက် အသုံးပြုခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း   တင်ပြလိုက်ရပါသည်။     ။