တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတ မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတ မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၇

          ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာန မှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိကြရာ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဟိုင်းကြီးကျွန်း မြို့၊ တပ်မတော်ဆေးရုံ(ခုတင်-၂၅)၌အခြေပြု၍ အဆိုပါရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၁၀၁၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

        ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၃၄၂ ဦး၊ ခွဲစိတ်ရောဂါ ၇၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၈ ဦး၊ ကလေးရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၃၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၈ ဦး၊ မျက်စိရောဂါ ၂၁၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၄၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁၀ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ထိုသို့ ကျန်းမာရေးစောင့်ရှောက်နေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ ဆေးရုံတက်ရောက် နေသည့် လူနာများနှင့် မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် ကြသည်။

    ထို့ပြင် ငပုတောမြို့နယ်၊ ကန်မလာကျေးရွာနေ ဦးမြင့်ဦး၏ဇနီးဖြစ်သူ ဒေါ်အိရွှေစင် ၏ (၃)ယောက်မြောက် သမီးရတနာကို သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး ဉာဏ်လင်းအောင် က တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ နိုဝင်ဘာလ ၆ ရက် ည(၁၂) နာရီ (၇)မိနစ်တွင် မွေးဖွားပေးခဲ့ရာ ကိုယ်အလေးချိန် (၇)ပေါင်ရှိပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ အဆိုပါ ကလေးငယ်အတွက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)မှပေးအပ်သည့် ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူးက ပေးအပ်ခဲ့သည်။ အဆိုပါ ကလေးငယ်သည် ယခု ခရီးစဉ်အတွင်း ဒုတိယအကြိမ်မွေးဖွားသည့် ကလေးငယ်ဖြစ်ပြီး တပ်မတော် ပင်လယ် သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသမှုသမိုင်းမှတ်တမ်းတွင် (၂၀)ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

    ထို့အတူ ယနေ့မွန်းလွဲပိုင်းတွင် ငပုတောမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ ဦးသီဟ၏ ဇနီးဖြစ်သူ ဒေါ်နန်းမိုးထွေး၏ ဒုတိယမြောက်သမီးရတနာကို တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး ဉာဏ်လင်းအောင်က ခွဲစိတ်မွေးဖွားပေးခဲ့ရာကိုယ်အလေးချိန် (၆)ပေါင် (၈)အောင်စရှိပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်မှုရှိကြောင်းနှင့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ၏ ဆေးကုသမှုသမိုင်းမှတ်တမ်းတွင် (၂၁)ဦးမြောက်ကလေးငယ်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူး ကုဆေးအဖွဲ့ လိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် ဟင်္သာတမြို့ရှိ လယ်တော်ပရိယတ္တိ စာသင် တိုက်၌ အခြေပြု၍ မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၅၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၂၈ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၃ ဦး၊ အရိုးရောဂါ ၁၂၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁၀၆ ဦးနှင့် သွားရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၈ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်လူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၈ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါအားဖြည့်ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့် ဒေသခံပြည်သူ ၁၂၀ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

          ၎င်းနောက် လယ်တော်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသားကျောင်းသူများအား သွားရောဂါကုသမှုပါရဂူက သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပြီး ကလေးကုသမှု ပါရဂူနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူတို့က ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

 

မသဇင်အောင်(မဲခရဲကျေးရွာ၊ ဟိုင်းကြီးကျွန်း)

“ကျန်ခဲ့တဲ့နှစ်က သမီးတို့ဟိုင်းကြီးကျွန်း ကို တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က  လာရောက်ဆေးကုသပေးလို့ နားသွားပြလိုက်ပါတယ်။ သက်သာပါတယ်။ အခု တစ်ခေါက်လည်း သမီးတို့ မဲခရဲကျေးရွာ ကနေ ဟိုင်းကြီးကျွန်းကို လာရောက်ဆေး ကုသမှုခံယူတာပါ။ အခုကျောက်ကပ်ရောဂါ ဖြစ်နေလို့ ဆေးကုသမှုခံယူဖို့လာတာပါ။ 

    အခုလို  လာရောက်ကုသပေးတဲ့အဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်းမဟုတ်ပါဘူး။ လူကြီး၊ လူငယ်အကုန်လုံးကို လာရောက်ပြီးကုသလို့ရတဲ့အတွက် ဒီထက်မက တစ်နှစ်ပြီးတစ်နှစ် လာရောက် ကုသပေးစေချင်ပါတယ်။ အခုလို့ စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့  တာဝန်ရှိသူများ အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် ဟု ပြောသည်။

ဦးကံမြင့်(ရွှေစေတီရပ်ကွက်၊ ဟင်္သာတမြို့)

“မျက်စိကွယ်သွားလို့ မျက်စိမမြင်ရလို့ လာရောက်ကုသခြင်းဖြစ်ပါတယ်။ အခုမှပဲ ကျွန်တော်တို့လည်း  စေတနာဆရာဝန် ဆိုတာ  ဒီတစ်ခါပဲ  မြင်ဖူးတော့တယ်။ သိပ်တော့မကြာသေးဘူး။ တစ်ဖက်တည်း မြင်နေရတာ ၁၀ ရက်လောက်တော့ရှိ ပြီ။ ခုလိုက်ပြီးကုသပေးနေတယ်ကြားလို့ ကျွန်တော်လည်း အူယားဖားယားနဲ့ လာရတာ။ လာပြီးကုတော့ ခုမြင်ရတော့ ဝမ်းလည်းသာပါတယ်။ ဒီကလုပ်ပေးတာ တော်တော် စေတနာပါတယ်။ အဲ့တာကြောင့်မလို့ စေတနာဆရာဝန် ဒီတစ်ခါပဲမြင်ဖူးတာလို့ ပြောတာဗျ။ ကုပေးတဲ့ ဆရာဝန်တွေရော၊ ကျွန်တော့်ကို ဝိုင်းဝန်းလုပ်ကိုင်ပေးတဲ့သူတွေကိုရော အများကြီးကျေးဇူးတင်ပါတယ်။

ခုလိုကုသပေးတဲ့    ဆရာတွေကိုလည်း   အများကြီးကျေးဇူးလည်း တင်ပါတယ်။ စေတနာဆရာဝန်ရှိတယ်ဆိုတာ ဒီတစ်ခါပဲမြင်ဖူးပါတယ်” ဟု ပြောသည်။