ဆယ်ကျော်သက်လူငယ်တို့၏အသိဉာဏ်ဆိုင်ရာပြောင်းလဲရေး မိဘတို့က စောင့်ကြည့်ပေး

လူတစ်ဦး၏ဘဝတစ်ခုအတွက် ကျန်းမာရေးနှင့် ပညာရေးသည် အရေးကြီးဆုံးဖြစ်သည်။ မိသားစုတစ်စုတွင် ကလေးတစ်ဦး မွေးဖွားလာ၍ ဘဝကိုစတင်လိုက်ပြီဆိုလျှင် ကလေး၏ ကျန်းမာရေး၊ ပညာရေးတို့ကို  ဦးစားပေးပြီး မြေတောင်မြှောက် ပျိုးထောင်ပေးရန်မှာ မိဘတို့၏တာဝန်ပင်ဖြစ်ပေသည်။ ထို့အတူ ဆယ်ကျော် သက်အရွယ်သားသမီးတို့၏ အသိဉာဏ်ဆိုင်ရာပြောင်းလဲမှုများကို စောင့်ကြည့်ရန်မှာလည်း မိဘတို့၏ တာဝန်ပင်ဖြစ်သည်။

ဆယ်ကျော်သက်အရွယ်ဟုဆိုရာတွင် အသက် ၁၂ နှစ်၊ ၁၃ နှစ်မှ အသက် ၁၇ နှစ်၊ ၁၈ နှစ်အထိဖြစ်သည်။ ကလေးဘဝကို ကျော်လွန်ပြီးဖြစ်သော်လည်း လူကြီးဘဝ မရောက်သေးသည့်ကြားကာလ တစ်ခုကို ရည်ညွှန်းသည်။

ရုပ်ပိုင်းဆိုင်ရာရှုထောင့်မှ အဓိပ္ပာယ်ဖွင့်ဆိုသူ စိတ်ပညာရှင်တို့က လိင်ပိုင်းဆိုင်ရာရင့်ကျက်မှုများ စတင်ပေါ် ပေါက်သည့်အချိန်မှ ယင်းတို့ရပ်ဆိုင်းသွားသည့်အချိန် ဖြစ်သည်ဟုဆိုကြသည်။ ဟိုမုန်းပြောင်းလဲမှုများ၊ ကာယပြောင်းလဲမှုများ၊ စိတ်ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်ချိန်ဟုလည်း ဆိုပေသည်။

ကလေးစိတ်ပညာရှင် ဆွဇ်လူမျိုး ပီယာဂျေးဆိုသူက ကလေးတို့တွင် စိတ်လုပ်ငန်းဆိုင်ရာ အဆင့်သုံး ဆင့်ရှိသည်ဟုဆိုထားသည်။ ထိုအဆင့်သုံးဆင့်ကို ကျော်လွန်ပြီးမှ အရွယ်ရောက်သည့်အဆင့်သို့  ကူးပြောင်း သည်ဟု ဆိုသည်။ ထို့ကြောင့် ယင်းအဆင့်သုံးဆင့်ကို မကျော်လွန်မီအချိန်၊ အရွယ်ရောက်သည့် အဆင့်သို့ မရောက်မီ မိဘတို့က သတိပြုစောင့်ကြည့်ရန် လိုအပ်သည်။

အဆိုပါအဆင့်သုံးဆင့်မှာ အာရုံခံလှုပ်ရှားမှုအဆင့် (Sensorimotor Stage)၊ ဝတ္ထုရှိ လုပ်ဆောင်မှု အဆင့်  (Concrete Operational)နှင့် ဝတ္ထုမဲ့ စဉ်းစားမှုအဆင့် (Abstract Thoughts) တို့ဖြစ်သည်။ ပထမ အဆင့်ဖြစ်သော အာရုံခံလှုပ်ရှားမှု အဆင့်သည် ရိုးရှင်းသည်။ ဒုတိယအဆင့် ဖြစ်သော  ဝတ္ထုရှိ လုပ်ဆောင်မှု အဆင့်မှာ အသက်ခုနစ်နှစ်မှ အသက် ၁၂ နှစ်အတွင်းဖြစ်သည်။ ထိုအရွယ်ကလေးတို့ သည်  မိမိတို့၏ အာရုံခံ အင်္ဂါများကိုသုံးစွဲပြီး အရာဝတ္ထုတို့၏ဆက်နွှယ်ပုံကို လက်တွေ့လုပ်ဆောင်ကြည့်ခြင်းဖြင့် နားလည်မှုစွမ်း ရည်မြင့်မားလာကြသည်။

တတိယအဆင့်ဖြစ်သော ဝတ္ထုမဲ့စဉ်းစားမှုအဆင့်သည် အသက် ၁၂ နှစ်၊ ၁၃ နှစ်အထက် ပျိုဖော်ဝင်ချိန်ကာလ (ဆယ်ကျော်သက်အရွယ်)အတွင်း ဝတ္ထုမဲ့အယူအဆများကို ကိုင်တွယ်အသုံးပြု၍ ယုတ္တိရှိရှိ   ဆင်ခြင်မှုများပြု လုပ်နိုင်သည့် အမြင့်ဆုံးဖွံ့ဖြိုးမှုသို့ ရောက်ရှိသော အချိန်ကာလဖြစ်သည်။

ထိုအချိန်ကာလတွင် ဆယ်ကျော်သက်အရွယ်လူငယ်တို့သည် သတ္တိ၊ ဂုဏ်ရည်၊ မွန်မြတ်မှု စသော ဝတ္ထုမဲ့ အယူအဆများကို နားလည်နိုင်စွမ်းရှိရုံသာမက ယင်းအယူအဆများနှင့် ပတ်သက်သော ထုတ်ယူဆင်ခြင်မှု (Deduction)နှင့် ခြုံယူဆင်ခြင်မှု (Induction)တို့ကိုလည်း ပြုလုပ်နိုင်စွမ်းရှိလာပြီဖြစ်သည်။

အသက် ၁၁ နှစ်၊ ၁၂နှစ်မှစ၍ ပျိုဖော်ဝင်ချိန်ကာလအတွင်း ပုံစံရှိအတွေးအခေါ်များ (Formal Thoughts) ပေါ်ထွက်လာသည်ဟု ဆိုသည်။ ယင်းပုံစံရှိ အတွေးအခေါ်များတွင် ပါဝင်သောလုပ်ငန်းအားလုံးက တွေးခေါ် မြော်မြင်မှု၏ သဘာဝကို ပေါ်လွင်စေသည်ဟု သိရသည်။

ဆယ်ကျော်သက်အရွယ်လူငယ်တို့သည် သက်ဆိုင်ရာယဉ်ကျေးမှုက သင်ကြားပေးသည့် အလေးထားမှု၊ တန်ဖိုး ထားမှုများကို မိဘတို့မှတစ်ဆင့် ရရှိကြသည်။ ကလေးငယ်ဘဝတွင် လူကြီးမိဘတို့သင်ကြားပေး သမျှကို လက်ခံကြသည်။ သို့ရာတွင် ပျိုဖော်ဝင်ချိန်သို့ ရောက်သောအခါ လူကြီးမိဘတို့ပြောသမျှကို ငယ်စဉ် အခါကကဲ့သို့ အလိုအလျောက်လက်ခံခြင်း  မရှိတော့ကြောင်း တွေ့ရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကလေး၏အသိဉာဏ်ဆိုင်ရာ ပြောင်းလဲမှုကြောင့်ဖြစ်ပေသည်။ ကလေးသည်  သူ၏အတ္တ ပုံရိပ်(Identity)ကို သူ့ဘာသာသူ ပုံဖော်လိုသည်။ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသည် သူ၏ အတွေ့အကြုံအရ တန်ဖိုးထားမှုများကို သူ့ရှုထောင့်မှသူ ကိုယ်တိုင်အဓိပ္ပာယ်ဖွင့်ဆို၍  လက်ခံခြင်း၊  ငြင်းပယ် ခြင်းပြုလုပ်လိုသည့် ဆန္ဒများဖြစ်ပေါ်လာတတ်သည်။

ကလေးစိတ်ပညာရှင် ဒူဗင်နှင့် အက်ဒဲလ်ဆင်တို့က ပျိုဖော်ဝင်အရွယ်သည် သူ၏စာရိတ္တဖွံ့ဖြိုးမှုနှင့်ပတ်သက်၍  အဆုံးအဖြတ်ပေးသည့်ကာလဖြစ်သည်ဟု ဆိုသည်။ ထိုအရွယ်တွင် လူငယ်တစ်ဦးသည် အဓိကကျသော လုပ်ငန်းတာဝန်ကြီးနှစ်ရပ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းကြီးနှစ်ရပ်မှာ ကိုယ်တိုင်ထိန်းချုပ် သည့် အပြုအမူကို ပုံဖော်ခြင်းနှင့် တန်ဖိုးထားမှုအသစ်များကို ဖော်ထုတ်ခြင်းတို့ဖြစ်သည်။

ပထမလုပ်ငန်းမှာ လူငယ်တစ်ဦးသည် သူ၏အပြုအမူများနှင့် ပတ်သက်၍ ဆန္ဒနှင့် သဘာဝတို့ သဟဇာတဖြစ်၊ မဖြစ်ကိုဆန်းစစ်၍ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ခြင်းဖြစ်သည်။ လောကတွင် မိမိဆန္ဒရှိတိုင်း လုပ်၍မဖြစ် သော သို့မဟုတ် မကောင်းသော ကိစ္စရပ်များရှိသည်။ ထို့ကြောင့် မိမိဆန္ဒတချို့ကို ချုပ်တည်းထားရမည်ဟု သဘောပေါက်ခြင်းဖြစ်သည်။

ဒုတိယလုပ်ငန်းမှာ လူငယ်တစ်ဦးသည်သူ၏ စာရိတ္တပိုင်းဆိုင်ရာ ဒဿနတစ်ခုကို တည်ဆောက်ခြင်းဖြစ်သည်။ အထူးတလည် ထုတ်ဖော်ဖွင့်ဟပြောဆိုခြင်း မပြုသော်လည်း သူ၏ကိုယ်ပိုင်ဖြစ်သည့် တန်ဖိုးထားမှုနှင့် စာရိတ္တအပြုအမူတို့ကို စနစ်တကျ  အကောင်အထည်ဖော် တည်ဆောက်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် သူ၏ ကိုယ်ပိုင်ဖြစ်သည်ဟူသော စကားမှာတခြားသူများပြော၍ လိုက်နာလုပ်ဆောင်ခြင်း၊ တခြားသူများ ပြုမူသည့်အတိုင်း ပုံတူကူးချ၍ လုပ်ဆောင်ခြင်း မဟုတ်ကြောင်းကို အလေးအနက်ညွှန်းဆိုထားသည်။ တစ်နည်းအားဖြင့် ပျိုဖော်ဝင်အရွယ် သို့မဟုတ် ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးသည် သူ၏ အတွေ့ အကြုံနှင့် သူ၏အတွေးအခေါ်တို့အပေါ် အခြေခံ၍ သူ့အပြုအမူကို သူ့ဘာသာသူ လမ်းညွှန်ပဲ့ကိုင် သည့်ဖြစ်စဉ် ကို ဖော်ညွှန်းခြင်းဖြစ်သည်။

သို့ဖြစ်သောကြောင့် ဆယ်ကျော်သက် အရွယ်လူငယ်များသည် အသိဉာဏ်ဆိုင်ရာပြောင်းလဲမှုများ ရှိလာ သည်နှင့်အမျှ မိဘတို့၏ထိန်းချုပ်မှု အောက်မှခွာ၍ လွတ်လပ်စွာ ပြုမူလိုသည့်ဆန္ဒများ ရှိလာကြသည်။ ထို့ကြောင့် မိဘတို့၏ထိန်းချုပ်မှုကို အလွယ်တကူလက်ခံလိုစိတ်မရှိကြတော့ပေ။ သူတို့၏ အတွေ့အကြုံနှင့် ယှဉ်၍ ဆန်းစစ်လိုသော ဆန္ဒပြင်းပြလာသည်။ တစ်ချိန်တစ်ခါက ယုတ္တိရှိသည်ဟု ယူဆလက်ခံခဲ့သော ရှင်းလင်းချက်တို့ကို ဤအရွယ်တွင် စာတွေ့၊ လက်တွေ့နှင့် ဆက်စပ်နှိုင်းယှဉ်ကာ သံသယဝင်လာတတ်သည်။ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသောကလေးငယ်တစ်ဦးသည် သာမန်လက်လုပ်လက်စား သား သမီးတို့ အများစုဖြစ်သည့် ကျောင်းတွင်နေရ၍ စာတော်သော ဆင်းရဲသည့် ကလေးတို့နှင့် ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံလာရသည့်အခါ မိဘများလက်ခံထားသော ပိုက်ဆံချမ်းသာခြင်း တန်ဖိုးထားမှုသည် မှန်မှမှန်ပါ၏လောဟု စဉ်းစားတွေးတောမှု ပြုလာတတ်လေသည်။

လူမှုရေးစိတ်ပညာရှင်တို့က လူလတ်တန်းစားမိဘများက မွေးဖွားလာသည့် ဆယ်ကျော်သက်အရွယ် လူငယ် တို့သည် တစ်ချိန်ချိန်တွင်  မိဘများ၏  လူတန်းစား တစ်ဖက်သတ်အမြင်(Social Class Bias)ကို  ဆန့်ကျင် လိုသော ဆန္ဒဖြစ်ပေါ်တတ်သည်ဟုဆိုသည်။ ထို့ပြင် မိဘတို့၏လူတန်းစားအလွှာနှင့်ပတ်သက်၍ မျှတသည့် နှစ်ဖက်အမြင်မရှိဘဲ မိဘတို့၏ အထက်စီးအမြင်ဟု ထင်တတ်ကြသည်ဟုလည်း ဆိုထားသည်။

သို့ဖြစ်၍ ဆယ်ကျော်သက်အရွယ် လူငယ်များ၏ အသိဉာဏ်ဆိုင်ရာပြောင်းလဲမှုများ သို့မဟုတ်  စဉ်းစားတွေး ခေါ်မှုပြောင်းလဲခြင်းများကို မိဘများက စောင့်ကြည့်ပေးခြင်းဖြင့် ကောင်းမွန်သော ပညာရေးကို ရရှိစေ မည်ဖြစ်ပေသည်။ အထူးသဖြင့် သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းအရွယ် သားသမီး များကို စာကျက်ချိန်၊ အနားယူချိန်၊ အိပ်ချိန်၊ အိပ်ရာထချိန် စသည်တို့ကို စည်းကမ်းတကျ လမ်းညွှန်ပေးရန် အထူးလိုအပ်သည်။ ကလေးတို့၏ အသိဉာဏ်ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီဖြစ်၍ လွတ် လပ်စွာ စဉ်းစားတွေးခေါ်ချိန်ပေးရန်လည်း အရေးကြီးပေသည်။ ကျောင်းစာကိုပဲ တစ်ချိန်လုံး ဆရာနှင့်သင်စေခြင်း၊  Guide နှင့် စာကျက်စေခြင်းတို့သည် မလိုလားအပ်ပေ။ ကလေးတို့၏ ကိုယ်ပိုင်အချိန်မရရှိနိုင်ဘဲ ဖြစ်သွား တတ်သည်။

အချုပ်အားဖြင့်ဆိုရသော် ဘဝတစ်ခုတွင် အရေးကြီးသော ပညာရေးအတွက် မိဘတို့သည် ဆယ်ကျော် သက်အရွယ်သားသမီးတို့၏ အသိဉာဏ်ဆိုင်ရာပြောင်းလဲမှုများကို စောင့်ကြည့်ပြုပြင်ပေးရန် လိုအပ်ပါသော ကြောင့် သူ့အချိန်နှင့်သူ ပေါ်ပေါက်လာသောဖြစ်စဉ်များကို ဖွံ့ဖြိုးတိုးတက်ခွင့်ပေးရန် အရေးကြီးကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။ ။

ရီရီဆွေ(ရေနီ)