စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း လှည့်လည်ကြည့်ရှု စစ်ဆေး

စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း လှည့်လည်ကြည့်ရှု စစ်ဆေး

 

နေပြည်တော်  နိုဝင်ဘာ  ၁၀

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သည် ယနေ့နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)သို့သွားရောက်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသိုလှောင်ဌာနတွင် ဆေးဝါးများစနစ်တကျ သိုလှောင်ထားရှိမှု၊ မီးဖိုနှင့်ရိက္ခာဌာနတွင် ဆေးရုံတက်လူနာများအတွက် အစားအသောက်များ သန့်ရှင်းစွာ ချက်ပြုတ်နေမှု၊ မူးယစ်ဆေးစွဲ လူနာကုသဆောင်၊ ရေကြီးရေလျှံမှုမဖြစ်စေရန် ရေတားဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)သည် မြန်မာနိုင်ငံတွင် အကြီးဆုံး စိတ်ကျန်းမာရေး ဆေးရုံကြီးဖြစ်သည်နှင့်အညီ ဆေးရုံတက် ရောက်ကုသမှုခံယူသည့် လူနာများပြားသည့်အတွက် လူနာများ   စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မိုးများသည့်အတွက် ဆေးရုံကြီးအတွင်း ရေလျှံခဲ့သည့်အတွက် နောင်နှစ်များတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိုးတွင်းကာလတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ဆေးရုံကြီးမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ဆေးဝါးများ၊ ကုသမှုအထောက်အကူပြု ပစ္စည်းများ အလုံအလောက်ပံ့ပိုး ထားရှိပြီးဖြစ်သည့်အတွက် အလေအလွင့်မရှိအောင် ထိထိရောက်ရောက် သုံးစွဲနိုင်ရေး  တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်သွားရန် အရေးကြီးကြောင်း၊ လိုအပ်ချက်ရှိသည့် ဆေးနှင့် ဆေးပစ္စည်းများကို အောက်ခြေအဆင့်ဆင့်က  စနစ်တကျတွက်ချက်၍  အချိန်နှင့် တစ်ပြေးညီ တင်ပြတောင်းခံသွားရန် လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပြီး နယ်ပယ်အသီးသီးတွင် ဖြည့်ဆည်း ခန့်ထားပေးလျက်ရှိကြောင်း၊  ဘွဲ့ကြို/ဘွဲ့လွန်ဆေးပညာ သင်ကြားရေးကိစ္စရပ်များ၊  သူနာပြုများ၊ သူနာပြုအကူများ ခန့်ထားရေး၊ ဝန်ထမ်းအိမ်ရာများ အတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျန်းမာရေးဝန်ထမ်းများ အတွက် ပညာရှင်ကြေးများ၊ ညဂျူတီကြေးများ၊ ထောက်ပံ့ ကြေးများ  ပံ့ပိုးပေးလျက်ရှိသည့်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်က စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များ၊ ကျန်းမာရေးဝန်ထမ်းအင်အား၊ လျှပ်စစ်ရရှိမှု၊  ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယခုနှစ် အတွင်း ဆေးရုံကြီးအတွင်းသို့ ထူးကဲရေဝင်ရောက်ခဲ့မှု၊ ရေစီးရေလာကောင်းမွန် စေရေး ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍    ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တက်ရောက်လာကြသည့်  ဝန်ထမ်းများက ကုသရေးဆိုင်ရာနှင့် ဆေးပညာ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။