တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နေသည့် ရောင်စုံပလတ်စတစ်ကြိုးများကို အသုံးပြုထုတ်လုပ်သော  ကန့်ဘလူမြို့မှ  အလှဆွဲခြင်းနှင့် လက်ဆွဲအိတ်အမျိုးမျိုး ရက်လုပ်သည့် လုပ်ငန်း

တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နေသည့် ရောင်စုံပလတ်စတစ်ကြိုးများကို အသုံးပြုထုတ်လုပ်သော  ကန့်ဘလူမြို့မှ  အလှဆွဲခြင်းနှင့် လက်ဆွဲအိတ်အမျိုးမျိုး ရက်လုပ်သည့် လုပ်ငန်း

 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အသေးစား၊  အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်များကို ပံ့ပိုးအားပေးကူညီလျက်ရှိရာ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါသော ကဏ္ဍတစ်ခုဖြစ်လာသည်။ ထို့ကြောင့်လည်း စီးပွားရေးဦးတည်ချက်များ ချမှတ်၍ အားပေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့  MSME လုပ်ငန်းများ အားပေးဆောင်ရွက်မှုဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ရောင်စုံပလတ်စတစ်ကြိုးများကို    အသုံးပြု ထုတ်လုပ်သော ကန့်ဘလူမြို့ရှိ “ အလှဆွဲခြင်းနှင့် လက်ဆွဲအိတ်အမျိုးမျိုး ရက်လုပ်သည့်လုပ်ငန်း” သည်လည်း အထိုက်အလျောက် အောင်မြင်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ 

    အဆိုပါလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် စတင်လုပ်ကိုင်ခဲ့ရာမှ တိုးချဲ့၍ စီးပွားဖြစ်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်  အလှဆွဲခြင်းနှင့် လက်ဆွဲအိတ်အမျိုးမျိုး ရက်လုပ် နေမှုများနှင့်စပ်လျဉ်း၍    ကန့်ဘလူမြို့အမှတ် (၃) ရပ်ကွက်နေ ဦးသာထွန်းဦးနှင့်   တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ရပါသည်-

မေး။   ။ ရောင်စုံပလတ်စတစ်ကြိုးပြားတွေကို အသုံးပြုပြီး  အလှဆွဲခြင်းနဲ့  အခြားပစ္စည်းတွေ စတင်ရက်လုပ်ခဲ့ပုံကို  ရှင်းပြပေးပါ။

ဖြေ။   ။ ကျွန်တော်ကျောင်းသားဘဝကတည်းက ဝါသနာပါတာရယ်၊ သူငယ်ချင်းတွေကလည်း မှာယူကြတာရယ်ကြောင့် စပြီးလုပ်ဖြစ်သွားတာပါ။ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေလည်းရပါတယ်။

မေး။   ။ ရက်လုပ်ဖို့ကုန်ကြမ်းတွေကို ဘယ်လိုမှာယူ စုဆောင်းရပါသလဲ။ ဘယ်လို အမျိုးအစားတွေကို  အသုံးပြုပါသလဲ။

ဖြေ။   ။ ကုန်ကြမ်းကို အရင်ကတော့ မန္တလေးမြို့ကနေ မှာယူရပါတယ်။ အခုတော့ ကန့်ဘလူမြို့မှာလည်း  ဝယ်လို့ရနေပါပြီ။ ကြိုးအခွေလိုက် ၁  ပိဿာကျော်  2 kg အခွေရောင်စုံ လာပါတယ်။  အမျိုးအစားကတော့ ရိုးရိုးကြိုး၊ ယိုးဒယားကြိုး၊ မှိုတက် (အပျော့)ကြိုးဆိုပြီး သုံးမျိုးလာပါတယ်။ ကျွန်တော်ကတော့ ယိုးဒယားကြိုးကိုပဲ သုံးပါတယ်။

မေး။    ။အလှဆွဲခြင်းအပြင် ပစ္စည်းအမျိုးအမည် ဘယ်နှမျိုးလောက် ရက်ပါသလဲ။

ဖြေ။   ။ အမျိုးအမည်ကတော့ ခုနစ်မျိုး၊ ရှစ်မျိုးလောက်ရှိပါတယ်။ ဆွဲခြင်း၊ အဖုံးပါတဲ့ဆွဲခြင်း၊   လက်ကိုင်အိတ်၊  လက်ဆွဲသေတ္တာ၊  ဘေးလွယ်အိတ်၊ ထမင်းချိုင့်ထည့်ခြင်း၊  သစ်သီးထည့်ခွက်၊ ဘောပင်ထည့်ခွက် စတာတွေဖြစ်ပါတယ်။ မှာသူလိုချင်တဲ့   ဒီဇိုင်းပစ္စည်း မျိုးလေးတွေကို ဆန်းသစ်ရက်လုပ်ပေးရင်းကနေ  အမျိုးအမည် များသွားတာပဲဖြစ်ပါတယ်။

မေး။   ။ ပစ္စည်းအမျိုးအစားအလိုက် ရောင်းဈေးလေးတွေကို သိပါရစေ။

ဖြေ။   ။ အမျိုးအစားတစ်ခုချင်းအလိုက်  အရွယ်အစားပေါ် မူတည်ပြီး ငွေကျပ် ၃၀၀၀ ကနေ  ငွေကျပ်၂၀၀၀၀ လောက်ထိရှိပါတယ်။

မေး။   ။ ဒီပလတ်စတစ်အလှဆွဲခြင်း ရက်တာနဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုတည်းကိုပဲ ဆောင်ရွက်နေတာလား။

ဖြေ။   ။ ကျွန်တော်က အငြိမ်းစား ဝန်ထမ်းပါ။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလည်း လုပ်ပါတယ်။  လက်မှုပညာဝါသနာပါပြီး သင်ယူချင်သူတွေကိုလည်း သင်ပေးပါတယ်။  ကောလင်း၊ ဝန်းသိုဘက်ကနေ လာရောက် သင်ယူသူတွေရှိပါတယ်။  အခုဆိုရင်သူတို့တွေ စီးပွားဖြစ် လုပ်ကိုင်နေကြပါတယ်။ ဒီမြို့မှာလည်း တော်တော်များများ လုပ်ကိုင်ကြပါတယ်။

မေး။   ။ ဒီအလှဆွဲခြင်း ရက်လုပ်ပုံလေးကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။   ။ ဆွဲခြင်းရဲ့ အောက်ခြေကနေ စပြီးရက်လုပ်ရပါတယ်။ အပင်ရေနဲ့ပါ။ ၁၅ ပင်၊ ၁၇ ပင်၊ ၁၉ ပင်၊ ၂၁ ပင်စသဖြင့် မဂဏန်း အရေအတွက်နဲ့ စရက်ရပါတယ်။ အောက်ခြေအပြားကိုအရင်ရက်ပြီး   ဘေးနားပတ်ပြီး ထောင်ရက်ရပါတယ်။ အရွယ်အစားဆိုဒ် တစ်ခုနဲ့တစ်ခုကြား နှစ်ပင်ကွာပြီး ရက်ရပါတယ်။  ကျွန်တော်ကတော့ ၂၉ ပင်၊  ၃၁ ပင်  ဆိုဒ်ထိရက်ပါတယ်။ အဖုံးပါတဲ့ ဆွဲခြင်းရက်ရင်တော့ အဖုံးကိုအောက်ခြေပြားထက်   တစ်ပင်ပိုပြီး ရက်ရပါတယ်။ အဖုံးပါတဲ့ ဆွဲခြင်းရက်ရင်တော့ အဖုံးမပါတဲ့ ဆွဲခြင်းနှစ်လုံးစာရက်ရသလိုပဲ ကြာပါတယ်။  လက်ဝင်ပါတယ်။ အဖုံးပါတဲ့ ဆွဲခြင်းရက်တဲ့အခါမှာ    အဖုံးအဖွင့်အပိတ်   အဆင်ပြေခိုင်ခံ့အောင် အနားသားထဲကို သွပ်နန်းကြိုးထည့်ပြီး ရက်ပါတယ်။ ဆွဲခြင်းကို အသုံးပြုရာမှာမကွဲအောင် ရက်လုပ်တဲ့အခါ ကြိုးဆက်နေရာကို တစ်နေရာတည်းမဆက်ဘဲ တစ်ခုနဲ့တစ်ခုကို ပြန်ထိန်းသွားအောင် နေရာမျှပြီး လှည့်ပတ် ဆက်ရပါတယ်။ တစ်နေရာတည်း ဆက်ရင်ကွဲတတ်ပါတယ်။  ဒါပေမဲ့ ရက်လုပ်ရတာ မြန်တယ်။ နေရာအနှံ့ဆက်တာက ရက်လုပ်ရာမှာ ကြာတော့ကြာပါတယ်။   ဒါပေမဲ့ ပိုခိုင်ခံ့ပါတယ်။   ရိုးရိုးဆွဲခြင်းရက်ရင် တစ်ရက်ကို နှစ်လုံး၊ သုံးလုံးပြီးပါတယ်။ အဖုံးပါတဲ့ခြင်း၊ အဖုံးပါတဲ့လက်ကိုင်အိတ်တို့ရက်ရင်တော့ တစ်လုံးကို နှစ်ရက်လောက် ကြာပါတယ်။

မေး။   ။ အသင့်   ရက်လုပ်ပြီးသားဆွဲခြင်းနဲ့ အခြားပစ္စည်းတွေကို ဈေးကွက်အနေနဲ့  ဘယ်မြို့တွေကို  ပို့ဆောင်ပါသလဲ။

ဖြေ။   ။ ကျွန်တော်တို့  ရက်လုပ်တဲ့ ဆွဲခြင်းအပါအဝင်  အခြားပစ္စည်းတွေကို အမျိုးအစားအလိုက်  ဆိုဒ်စုံအတွဲလိုက်ကို ဟိုပင်မြို့၊ ဝန်းသိုမြို့နဲ့ ရန်ကုန်မြို့တွေကို အများဆုံး ပို့ပါတယ်။  အိမ်မှာလည်းလာဝယ်သူတွေရှိပါတယ်။ ဒီမြို့မှာလည်း ဝယ်ယူတဲ့ ဒိုင်တွေရှိပါတယ်။ တခြားနေရာတွေကနေ  လှမ်းမှာရင်လည်းပို့ပေးပါတယ်။

မေး။   ။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး စကားလက်ဆောင်လေး  ပြောကြားပေးပါဦး။

ဖြေ။   ။ ရောင်စုံပလတ်စတစ်ကြိုးနဲ့ အလှဆွဲခြင်း၊  လက်ဆွဲအိတ်နဲ့ အခြားအလှပစ္စည်းတွေ ရက်လုပ်ထားတဲ့ ပစ္စည်းတွေဟာ လှပပြီးကြာရှည်လည်း ခံပါတယ်။  လက်မှုလုပ်ငန်း တစ်ခုအနေနဲ့ ရက်လုပ်ရာမှာလည်း အခြားစိုက်ပျိုးရေး လုပ်ငန်းလုပ်ရင်းနဲ့လည်း လုပ်လို့ရပါတယ်။ တစ်နိုင်တစ်ပိုင်အနေနဲ့လည်း မိသားစု အပိုဝင်ငွေရပါတယ်။ စီးပွားဖြစ်လုပ်ရင်လည်း အောင်မြင်နေကြပါတယ်။

ဒါကြောင့်  ဒီလုပ်ငန်းကိုလုပ်သင့်ပါတယ်။ ပစ္စည်းထည့် သယ်ယူရာမှာလည်း လှပပြီး ခိုင်ခံ့မှုရှိတာကြောင့်    ဒီအလှဆွဲခြင်း၊ လက်ကိုင်အိတ်၊ ထမင်းဘူးထည့်ခြင်းတွေကို ဈေးသွား၊ ရုံးသွားနဲ့ ခရီးသွားရာမှာ အများဆုံး အသုံးပြုလေ့ရှိပါတယ်။      ။