သင်္ကန်းစုံလင် တန်ဆောင်ဂုဏ်အင်

တန်ဆောင်မုန်းလ၌ကျင်းပသော ကထိန်ပွဲသည် တစ်နှစ်လျှင်တစ်ခါသာ ကျင်းပသောပွဲတော်ဖြစ်သည်။ ကထိန်ပွဲတော်ကို အများစုပေါင်း၍ ဘုံကထိန်ပွဲတော်အဖြစ်လည်းကောင်း၊ တစ်ဦးတည်းမတည်၍ပုဂ္ဂလိက ကထိန်ပွဲတော်အဖြစ်လည်းကောင်း ကျင်းပပြုလုပ်ကြသည်။ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်ကြောင့် ကထိန်ပေါ် ထွန်းလာသည်ဟု   ဗုဒ္ဓစာပေများ၌တွေ့ရှိရသည်။ မြတ်စွာဘုရားရှင်သည် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ သီတင်းသုံးရာမှ  ဥရုဝေလတောရှိ သစ်ပင်ကြီးတစ်ပင်အောက်သို့ ကြွရောက်သီတင်း သုံးတော်မူသည်။ ထိုအချိန်၌ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား “မိန်းမတစ်ယောက်တွေ့ မိပါသ လား”ဟုလျှောက်ထားမေးမြန်းသည်။ ဘဒ္ဒဝဂ္ဂီညီနောင်တို့ရှာဖွေနေသောမိန်းမမှာ ပျော်ပါးရန်ခေါ်ယူထားသော ပြည့်တန်ဆာတစ်ဦးဖြစ်ပြီး ရွှေငွေရတနာများကို ခိုးယူထွက်ပြေးသွားသောကြောင့်ဖြစ်သည်။

မြတ်စွာဘုရားရှင်က ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့အား “ပျောက်သွားသောမိန်းမကိုရှာဖွေခြင်းနှင့် မိမိကိုယ်ကို ရှာဖွေခြင်းတို့တွင် မည်သည်က အမြတ်ဆုံးနည်း”ဟု မေးမြန်းလိုက်သည်။ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည်   ရှေးပါရမီအခံရှိသူများဖြစ်၍ မိမိကိုယ်ကိုရှာဖွေခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း သိရှိသွားသည်။ မြတ်စွာ ဘုရားရှင်ဟောကြားသော ပထမအနုပ္ပဗ္ဗီကထာတရားလေးပါးနှင့် သာမုက္ကံသတရား(သစ္စာလေးပါး)တို့ကို    ကြားနာပြီးနောက် သောတာပတ္တိမဂ်ဖိုလ်၊ သကဒါဂါမ်မဂ်ဖိုလ် တည်သွားကြသည်။ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုပြီး ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်း၌ သီတင်းသုံးကြသည်။

ညီနောင်ရဟန်းသုံးကျိပ်တို့သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူသော မြတ်စွာ ဘုရားရှင်အားဖူးမြော်ရန် ခြေကျင်ခရီးထွက်လာကြသည်။ သာဝတ္ထိမြို့သို့မရောက်မီ ဝါကပ်မည့်အချိန်နီးကပ် လာသဖြင့် လမ်းခုလပ်၌ရှိသော သာကေတမြို့၌ ဝါကပ်တော်မူသည်။ ဝါလကင်းလွတ်သီတင်းကျွတ် လပြည့် နေ့တွင် သာကေတမြို့မှ မြတ်စွာဘုရားရှင်ထံသို့ ထွက်ခွာလာကြသည်။ မိုးတွင်းကာလဖြစ်သဖြင့်လမ်းခရီး၌ ပင်ပန်းဆင်းရဲသည့်အပြင် ဝတ်ရုံလာသော သင်္ကန်းတို့သည် ဖုံအလိမ်းလိမ်း၊ ရွှံ့အလိမ်းလိမ်းဖြင့် ဟောင်းနွမ်း ဆွေးရိကုန်သည်။ မြတ်စွာဘုရားရှင်ထံမှောက်ရောက်သောအခါ သင့်တော်သောအရပ်မှ ရိုသေစွာရှိခိုးပြီး အကြောင်းစုံကိုလျှောက်ထားသည်။ မြတ်စွာဘုရားရှင်သည် ညီနောင်ရဟန်းသုံးကျိပ်အား အနမတဂ္ဂိယ သုတ္တန်ဟောကြားပြီး ရှေးဘုရားရှင်တို့၏ အစဉ်အလာအတိုင်း မဟာကရုဏာတော်ဖြင့် ကထိန်ခင်းခွင့်ပြု ခဲ့သည်။

မြတ်စွာဘုရားရှင်သည် တပည့်သားရဟန်းများ အဓိဋ္ဌာန်တင်သင်္ကန်းသုံးထည်တွင် တစ်ထည်ကိုထား၍ မပင် မပန်းရွှင်လန်းစွာ သွားလာနိုင်စေရန်နှင့် သင်္ကန်းရှားပါးမှုကင်းဝေးစေရန် ရည်ရွယ်ချက်တို့ဖြင့် ကထိန်ခင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကထိန်ခင်းသည့် ကာလကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ သတ်မှတ်ထားသည်။

ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်း၊ ဧကသီနှင့် သင်းပိုင်ဟူသော သင်္ကန်းသုံးထည်အနက် တစ်ထည်ကို ခင်းနိုင်သည်။ ကထိန်သင်္ကန်းသည် အလှူခံခြင်း၊ တောင်းခံခြင်း၊ လှူချင်လာအောင် အတိတ်နိမိတ်ပြခြင်း၊ ခေတ္တငှားရမ်း ယူဆောင်လာခြင်းနှင့် ညဉ့်မကျော်ခြင်း အင်္ဂါများနှင့်ပြည့်စုံရန်လိုအပ်သည်။ ထို့ပြင်သံဃာ ပြည့်စုံခြင်း၊ လက်ရှိသင်္ကန်းဟောင်းကို အဓိဋ္ဌာန်ချ၍ ကထိန်သင်္ကန်းသစ်ကို အဓိဋ္ဌာန်တင်ခြင်းနှင့် ကထိန်ခင်း ခြင်းဟူသော အချက်သုံးချက်နှင့် ညီညွတ်ရမည်။

ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပေါက်ဘဲ ပဝါရဏာပြုသောရဟန်းရှိသည့်ကျောင်း၌ ကထိန်ခင်းရသည်။ ကထိန်ခင်းမည့်နေ့မတိုင်မီ ကျောင်းသို့ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းခြင်းမပြုရပေ။ ကထိန်ခင်း မည့်နေ့ရောက်မှကျောင်းသို့ပို့သည့်သင်္ကန်းဖြင့် ကထိန်ခင်းရသည်။ ငါးခန်း သို့မဟုတ် ငါးခန်းထက်ပိုအောင်   ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်မည်မဟုတ်ပေ။

ကထိန်ခင်းမည့်သင်္ကန်းတစ်ထည်ကို “ဣမံစီဝရံ သံဃဿဒေမိ- ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏”ဟု လျှောက်ထားဆက်ကပ်ရမည်။ ကထိန်ဆိုသည်မှာ “ကထိန” ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး အကျိုးငါးပါး တစ်ပြိုင်နက်စုပေါင်း ရရှိသောအလုပ်၊ အကျိုးပေးမြဲမြံခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးကျူးသော အလုပ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဗုဒ္ဓစာပေများတွင် ကထိန်ပွဲတော်ကို ပဒုမုတ္တရဘုရားရှင် လက်ထက်ကပင် ကျင်းပခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်။ ကထိန်ခင်းခြင်းကြောင့် သွားလေရာအရပ်၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားလာ နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း၊ အစာရေစာပေါများ၍ ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ ကာလကြာရှည်စွာမေ့လျော့နေသော ပစ္စည်းများ မဆုံးပါးခြင်းနှင့် စီးပွားရှာဖွေရာတွင် အခြားသူများထက် ပိုမိုရှာဖွေရရှိခြင်းဟူသော အကျိုးငါးပါး ရရှိခံစားရသည်။

ကထိန်ပွဲတော်သည်  ကမ္ဘာတွင်မရှိသလို ဗုဒ္ဓဘာသာဝင်များအတွက်  တစ်နှစ်လျှင်တစ်ရက်သာ ပြုလုပ်ခွင့် ရသော ကာလဒါနဖြစ်သည်။ ကထိန်အလှူသည် သူတော်ကောင်းတို့၏ပေးလှူခြင်းရှစ်ပါးနှင့် သန့်ရှင်း စင်ကြယ်သောဝတ္ထုကို  ပေးလှူခြင်း ငါးပါးတို့ဖြင့်ပြည့်စုံသည်။ သူတော်ကောင်းတို့၏ ပေးလှူခြင်းရှစ်မျိုးမှာ သန့်ရှင်းစင်ကြယ်သော ဝတ္ထုကိုပေးလှူခြင်း၊ မွန်မြတ်သော ဝတ္ထုကိုပေးလှူခြင်း၊ သင့်လျော်လျောက်ပတ် သည့်အခါ ပေးလှူခြင်း၊ အပ်စပ်သောဝတ္ထုကိုပေးလှူခြင်း၊ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပေးလှူခြင်း၊ မပြတ်ပေးလှူခြင်း၊ ပေးလှူချိန်၌စိတ်ကြည်လင်ခြင်းနှင့် ပေးလှူပြီးနောက် နှစ်သက်ကြည်နူးခြင်း တို့ဖြစ် သည်။

သန့်ရှင်းစင်ကြယ်သော ဝတ္ထုကိုပေးလှူခြင်းငါးပါးမှာ သူတစ်ပါးအသက်ကိုသတ်ဖြတ်၍ ရှာဖွေလှူဒါန်းသော ဝတ္ထုမဟုတ်ခြင်း၊ သူတစ်ပါးဥစ္စာကိုခိုးယူ၍ ရှာဖွေလှူဒါန်းသောဝတ္ထုမဟုတ်ခြင်း၊ သူတစ်ပါးသားမယား ကိုပြစ်မှား၍ ရှာဖွေလှူဒါန်းသော ဝတ္ထုမဟုတ်ခြင်း၊ မဟုတ်မမှန်စကားပြော၍ ရှာဖွေလှူဒါန်းသော ဝတ္ထုမ ဟုတ်ခြင်းနှင့် သုရာငါးပါးရောင်းချ၍ ရှာဖွေလှူဒါန်းသော ဝတ္ထုမဟုတ်ခြင်း တို့ဖြစ်သည်။

“သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဆိုသည့်အတိုင်း အမြတ်ဆုံးအလှူတွင် ကထိန် သင်္ကန်းအလှူလည်း ပါဝင်သည်။ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်းဆက်ကပ်ပွဲနှင့်အတူ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ ကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် ပံ့သကူသင်္ကန်းပစ်ပွဲတော်များ ကျင်းပကြသည်။ ရှေးအခါ က ယခုကဲ့သို့ အဆင်သင့် ချုပ်ပြီးသင်္ကန်းများ မပေါ်ပေါက်သေးပေ။ ကထိန်အလှူရှင်တို့သည် ကထိန်သ င်္ကန်းအလို့ငှာ အဝတ်ပိုင်းကိုသာ လှူဒါန်းကြသည်။ ကထိန်ခံထိုက်သော ရဟန်းသံဃာသည်ဉတ်တစ်ကြိမ်၊  ကမ္မဝါတစ်ကြိမ်ဖြင့် အလှူခံယူပြီး ရက်ကျော်နေ့ကူးခြင်းမရှိဘဲ ညတွင်းချင်း သင်္ကန်းဖြစ်အောင်  ချုပ် လုပ်စီမံရသည်။ ကထိန်သင်္ကန်းကို မလှူဒါန်းသေးဘဲ တစ်ရက်မျှ သိမ်းဆည်းထားလျှင်လည်းကောင်း၊ ကထိန်ခံထိုက်သော ရဟန်းသံဃာက တစ်ညအတွင်း အပြီးမချုပ်လုပ်နိုင်လျှင်လည်းကောင်း ကထိန်သင်္ကန်း (မသိုးသင်္ကန်း)ဟု  သတ်မှတ်ခြင်းမရှိ၊ ယခုအခါ ဝိနည်းနှင့်အညီချုပ်ရောင်းသော သင်္ကန်းများရှိသဖြင့် ရဟန်း သံဃာများ သင်္ကန်းချုပ်ဝတ်ရသည့် ဒုက္ခငြိမ်းအေးသွားသည်။ ကထိန်ပွဲတော်နှင့်မသိုး သင်္ကန်းရက် လုပ်ပူဇော် ပွဲတော်ကိုလည်း သီးခြားစီ ကျင်းပပြုလုပ်ကြသည်။ မသိုးသင်္ကန်းရက် လုပ်ပူဇော်ပွဲသည် မြတ်စွာဘုရား ရှင်လက်ထက်က သင်္ကန်းရက်လုပ်ပူဇော်သော မိထွေးတော်ဂေါတမီနှင့် ဆက်စပ်နေသည်။ ကာဠုဒါယီ အမတ်ကြီး လျှောက်ထားမှုကြောင့် မြတ်စွာဘုရားရှင်သည် ကပ္ပိလဝတ်ပြည်သို့ ကြွချီတော်မူလာသည်။

ထိုအခါ ငယ်စဉ်ကလေးဘဝအရွယ်မှစ၍ ပြုစုစောင့်ရှောက်ခဲ့သော မိထွေးတော်ဂေါတမီသည် မြတ်စွာ ဘုရားရှင်အား သင်္ကန်းရက်လုပ်ပူဇော်ရန် စိတ်အကြံဖြစ်သော်လည်း အထမြောက်ခြင်းမရှိခဲ့ပေ။ ကပ္ပိလ ဝတ်ပြည်သို့ ဒုတိယအကြိမ်ကြွချီတော်မူသောအခါမှ မိထွေးတော်ဂေါတမီသည် စိတ်အကြံကိုလက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။

နန်းတော်တွင်း၌ ရက်ကန်းရုံများဆောက်၍ ဝါဂွမ်း၊ ဝါကြိတ်၊ ဝါဖတ်၊ ဗိုင်းငင်ခြင်း၊ ရက်လုပ်အကျော် အမော်တို့ကိုခေါ်ယူရက်လုပ်စေခြင်းတို့ကို ကိုယ်တိုင်စီမံကြီးကြပ် ဆောင်ရွက်သည်။ ညတွင်းချင်းရက်ချုပ် ပြီးသော သင်္ကန်းလျာကို ရွှေကြုတ်၌ အမွှေးနံ့သာ သင်းထုံစေပြီး ဤခရီးလမ်းတစ်လျှောက်၌ ရေပြည့်အိုး များတည်ခြင်း၊ ပန်းမွေ့ရာခင်းခြင်း၊ တံခွန်ကုက္ကားမုလေးပွားများ စိုက်ထူခြင်းတို့ကိုလည်း ဆောင်ရွက်စေ သည်။ ထို့နောက် အထိန်းတော်များခြံရံလျက် မြတ်စွာဘုရားရှင်ထံသွားရောက်ပြီး သင်္ကန်းကိုဆက်ကပ် လှူဒါန်းသည်။ မိထွေးတော်ဂေါတမီသင်္ကန်းဆက်ကပ်လှူဒါန်းသည့်အချိန်က မြတ်စွာဘုရားရှင်သည် ကထိန် သင်္ကန်းကိုခွင့်ပြုခဲ့ခြင်းမရှိသေးပေ။ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်ကို အကြောင်းပြု၍ ကထိန်သင်္ကန်းကို ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့်အတူ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ကြ သည်။ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ရိုးရာတစ်ခုဖြစ်သည့်အပြင် မြန်မာ့ရက်ကန်း ပညာကိုလည်း တိုးတက်စေသည်။ ရှေးအခါက ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း လှူဒါန်းခြင်း အပြင် ကြာရိုးကြာမျှင်ဖြင့်ရက်လုပ်သော ကြာသင်္ကန်းများလည်း လှူဒါန်းကြသည်။ ယခုအခါ ကြာသင်္ကန်း ရက်လုပ်ခြင်း ကွယ်ပျောက်လုနီးပါးဖြစ်သော်လည်း သင်္ကန်းပရိက္ခရာဆိုင်မှ ရောင်းချသော ကြာသင်္ကန်းများ ကိုအဆင်သင့်ဝယ်ယူလှူဒါန်းနိုင်သည်။

ပံ့သကူသင်္ကန်းပစ်သော ဓလေ့သည် တစ်နိုင်ငံလုံးမကျင်းပသော်လည်း အထက်မြန်မာပြည်အနှံ့အပြား၌ ယနေ့တိုင်ကျင်းပလျက်ရှိသည်။ ပံ့သကူပစ်သော ဓလေ့မှာ လူအများရှေ့တွင် ကျင်းပပြုလုပ်ခြင်းမဟုတ်ဘဲ လူအများကွယ်ရာ၌ဖြစ်စေ၊ ညဉ့်အချိန်၌ဖြစ်စေ ဝတ္ထုပစ္စည်းများကို တိတ်တဆိတ်စွန့်ပစ်လှူဒါန်းခြင်း ဖြစ်သည်။ ပံ့သကူပစ်သော ဓလေ့ထွန်းကားခဲ့သလိုပံ့သကူဓူတင်အကျင့်လည်း ထွန်းကားခဲ့သည်။ ပံ့သကူ ဓူတင် အကျင့်ဆိုသည်မှာ လူတို့တိုက်ရိုက်လှူဒါန်းသောသင်္ကန်းကို သုံးဆောင်ခြင်းမပြုဘဲ လူတို့စွန့်ပစ်သော အဝတ်ပိုင်းတို့ကို ကောက်ယူချုပ်လုပ်၍သုံးဆောင် ခြင်းဖြစ်သည်။ ပံ့သကူဓူတင်ဆောက်လုပ်ခြင်းကြောင့် အလိုနည်းခြင်း၊  ရောင့်ရဲလွယ်ခြင်း၊  ကိလေသာခေါင်းပါးခြင်းအကျိုးများရရှိခံစားရသည်။  ဂေါတမဘုရားရှင် လက်ထက်က အရှင်အနုရုဒ္ဓါသည် ဇနီးဟောင်း ဇာလိနိနတ်သမီးစွန့်ပစ်သော နတ်ပုဆိုး သုံးထည်ကို အမှိုက်ပုံမှ ကောက်ယူဝတ်ရုံခဲ့သည်။

သို့ပါ၍ တန်ဆောင်မုန်းလသည် ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းကပ်လှူပွဲ၊  ကြာသင်္ကန်း ကပ်လှူပွဲနှင့် ပံ့သကူသင်္ကန်းစွန့်လှူပွဲတို့ဖြင့် သင်္ကန်းစုံလင်ဂုဏ်အင်ပြည့်ဝသော လတစ်လဆိုလျှင် မှားနိုင် မည်မဟုတ် ကြောင်း ရေးသားလိုက်ရပေသည်။   ။

သက်ဝေမှူး