နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ သတိပြုကာကွယ်ကုသပါ

နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါသည် လူတို့၏အဆုတ်၊ လေပြွန်များတွင် အမြဲရောင်ရမ်းနေစေကာ  လေဝင်၊ လေထွက်လမ်းကြောင်းတို့ ကျဉ်းသွားခြင်းကြောင့် ဖြစ်ရသောပြဿနာဖြစ်သည်။ နာမည်ပါအတိုင်း  နာတာရှည် အဆုတ်ရောဂါတစ်မျိုးဖြစ်သည်။

တဖြည်းဖြည်းရောဂါ ဆိုးရွားနိုင်သည်။ အားလုံးသိထားကြသော ပန်းနာရင်ကျပ်ရောဂါနှင့်မတူ ကွဲပြားသည်။ ရင်ကျပ်ရောဂါသည် ဓာတ်မတည့်သော အကြောင်းအရာတစ်ခုကြောင့် ချက်ချင်းအဆုတ်လေပြွန်များ       တစ်ခဏ အတွင်း ကျဉ်းမြောင်းလာမှုကြောင့် ရောဂါဝေဒနာခံစားရသည်။ ရင်ကျပ်ရောဂါနှင့် တူသလိုလို နှင့်ကွဲပြားသည်။

နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ၏ အဓိကလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ မောခြင်း၊ မောပန်း လွယ်ခြင်းနှင့် ချောင်းဆိုး သလိပ်ပါခြင်းတို့ဖြစ်သည်။ နာတာရှည်လေပြွန်များ ရောင်ရမ်းကာ   ကျဉ်းလာမှုတို့ ကြောင့်အသက်ရှူလိုက်တိုင်း တရွှီရွှီနဲ့သံစုံကြားရတတ်သည်။ ရောဂါဝေဒနာဆိုးရွားလာမှုက မိမိတို့၏ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုများ ထိခိုက်လာရသည်။ ကန့်သတ်သွားရသည်။ အနည်းငယ်လမ်းလျှောက်ရုံမျှ၊     ကိုယ့်အဝတ်အစားကို ဝတ်လိုက်ရုံမျှပင် မခံမရပ်နိုင်အောင် လှိုက်၍ ျမောလာရသည်။ လေငတ်လာသည်။ အချိန်တိုင်းမောနေသောကြောင့် စိတ်ဓာတ်ခွန်အားများပါ ထိခိုက်လာရသည်။ နာတာရှည်ချောင်းဆိုးခြင်းက   တစ်နှစ်တာပတ်လုံး သုံးလထက်ပိုကာ ခံစားနေရပြီး နှစ်နှစ်အထိရှိလာလျှင် နာတာရှည် အဆုတ်ပွလေပြွန် ကျဉ်းရောဂါဖြစ်နိုင်သည်။

နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါဖြစ်ပွားရသော အဓိကအကြောင်းရင်းမှာ ဆေးလိပ် သောက်ခြင်း ကြောင့်ဖြစ်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့တွင်ပါဝင်သော ဓာတ်ပစ္စည်းများ၊ ၎င်းတို့လောင်ကျွမ်းမှု ကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်ဓာတ်များက အဆုတ်နှင့် လေပြွန်တို့ကို အချိန်ကြာမြင့်စွာ ထိတွေ့မှုဖြစ် သည်။ ထိုမှတစ်ဆင့် နာတာရှည်ရောင်ရမ်းမှုများ ဖြစ်ပေါ်စေသည်။

အဆုတ် လေပြွန်များ ကျဉ်းမြောင်းလာရပြီး အဆုတ်အသားများပျက်စီးစေသည်။ ဆေးလိပ်၊ ဆေးပေါ့လိပ်များ မသောက်ပါဘဲ မီးခိုးငွေ့များနှင့် အမြဲထိတွေ့နေရသူများ၊ လေထုညစ်ညမ်းခြင်း၊ ထမင်းဟင်းချက်ရာတွင် ထင်းမီးခိုး၊ မီးသွေးမီးခိုးများ အမြဲထိတွေ့နေရသူများတွင်လည်း နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ   ဖြစ်နိုင်သည်။

သဘာဝတွင်းထွက်များ၊ ဓာတ်ငွေ့များ တူးဖော်ခြင်း၊ ကျောက်မိုင်းများ၊ ချည်မျှင်နှင့်အထည်စက် စသည်တို့၏     လုပ်ငန်းခွင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတို့တွင် နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါပါ ဝင်သည်။

တစ်ခါက အဘွားတစ်ယောက် နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါနှင့် ဆေးရုံကိုလာရောက်ပြသ၍ ရောဂါရာဇဝင်မေးကြည့်ရာအဘွားက ဆေးလိပ်လုံးဝမသောက်ပေ။ သို့ပေမယ့် အဘွားက မိရိုးဖလာနတ်ကွန်း တွင်နေထိုင် အလုပ်လုပ်နေသော နတ်ထိန်းဖြစ်နေသည်။

နေ့စဉ်နတ်ကွန်းလာသူများ၏ ပူဇော်ပသမှုတွင် ကူညီဆောင်ရွက်ပေးရသူဖြစ်သည်။ နေ့စဉ်နှင့်အမျှ အသုံးပြု နေသော အမွှေးတိုင်များ၊ ခြင်ဆေးခွေများကိုလည်း သတိထားသင့်ပြီဟု အကြံပြုပါရစေ။ မျိုးရိုးကြောင့်လည်း နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါဖြစ်နိုင်သည်။ ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာသည်  နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါကို ခံစားနေရသည်။ ဒေသတစ်ခုနှင့်တစ်ခု ဖြစ်ပွားမှုနှုန်းလည်း မတူညီကြပေ။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှပြုလုပ်ထားသော စစ်တမ်းအရဖြစ်ပွားနှုန်းမှာ  စစ်တမ်းလူဦးရေ၏ ၄ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ကျန်းမာရေးသတင်း အချက်အလက်ဌာနခွဲ၏ စာရင်းအရ သေဆုံးမှုအကြောင်း အားလုံး၏ ၃ ဒသမ ၇ ရာခိုင်နှုန်းမှာ နာတာရှည်အဆုတ်ပွလေလေပြွန်ကျဉ်းရောဂါကြောင့်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းသည် နာတာရှည်အဆုတ်ပွလေပြွန် ကျဉ်းရောဂါဖြစ်ပွား ခဲ့သည်။ လူပေါင်း ၃ ဒသမ ၂ သန်းအထိ အဆိုပါရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ အသက် ၄၀ နှစ်အထက် ကျား၊မ မရွေးဖြစ်ပွားနိုင်ပြီး နာတာရှည်ဝေဒနာရှင်အဖြစ် ရောက်သွားနိုင်သည်။

နာတာရှည် အဆုတ်ပွလေပြွန် ကျဉ်းရောဂါသည် မဖြစ်ခင်က ကြိုတင်ကာကွယ်ရမည့်ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားပြီးမှကုသလျှင် အကျိုးသက်ရောက်မှုနည်းနိုင်သည်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုအရေး ကြီးသည်။ အဓိကကာကွယ်၍ရသည်မှာ  ဆေးလိပ်၊ ဆေးပေါ့လိပ်ရှောင်ရှားရမည်။ မိမိပတ်ဝန်းကျင် အနီး အနားတွင် ဆေးလိပ်သောက်နေသူများရှိနေပါကမိမိသည် ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ ဆေးလိပ်နှင့် ဆေးလိပ်ငွေ့အန္တရာယ်တို့ကို ထပ်တူခံစားရနိုင်သည်။ ပတ်ဝန်းကျင်လေထုသန့်ရှင်းရေး၊ လုပ်ငန်းခွင်ပတ်ဝန်း ကျင်သန့်ရှင်းရေးသည်လည်း နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ ကာကွယ်ရေးအတွက် အရေးပါသည်။

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါတွင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများစွာ ရှိသည်။ လေပြွန်များရောင်ရမ်းခြင်းကြောင့် ကျဉ်းမြောင်းလာကာ နောက်ပိုင်းတွင် လေအိတ်လေးများကို  ထိခိုက် လာနိုင်သည်။ လေဝင်၊ လေထွက်ခက်ခဲခြင်းကြောင့် လေမဝသောခံစားမှုများ သိသာလာသည်။ အဆုတ်လည်း ပွလာသည်။ ပျက်စီးလာသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းဆိုးရွားလာနိုင်ကာ အဆုတ်သွေးကြောတွင် သွေးတိုးခြင်း၊ ညာဘက်နှလုံးအားနည်းခြင်း၊ အဆုတ်မကောင်းခြင်းကြောင့် နှလုံးထိခိုက်ခြင်းတို့ ဆက် တိုက်ဖြစ်ပွားလာနိုင်သည်။ အသက်အန္တရာယ်ကို အချိန်မရွေးခြိမ်းခြောက်နိုင်သည်။

နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ဝေဒနာရှင်တို့၏ ချက်ချင်းရောဂါပြင်းထန်မှုက အရေးကြီးသည်။ ရာသီဥတုပြောင်းလဲခြင်းနှင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတို့ကြောင့် ချက်ချင်းရောဂါ ပြင်းထန်နိုင်သည်။ နာတာရှည်ရောဂါ တစ်မျိုးဖြစ်သောကြောင့် ရောဂါပိုးမွှားတို့က ဝင်လွယ် သေးသည်။ ရာသီပေါ်တုပ်ကွေးသည်လည်း နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါကို ချက်ချင်းရောဂါ ပြင်းထန်စေသည်။

နာတာရှည်အဆုတ်ပွလေပြွန် ကျဉ်းရောဂါကိုကုသမှုနည်းလမ်းများစွာ ဖြစ်ထွန်းတိုးတက်လျက် ရှိသည်။ မိသားစုကျန်းမာရေး ဆရာဝန်၊ အထွေထွေ အထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆိုင်ရာ အထူးပြု ဆရာဝန်နှင့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ဆေးကုသမှုပါရဂူများက စုပေါင်းကုသရမည်။

ဆေးဖြင့်ကုသခြင်းအပြင် အခြားသောကုသမှု နည်းလမ်းများပါဝင်သည်။ ကုသသောဆေးဝါး တွင်လည်း အဆုတ်လေပြွန်ချဲ့ဆေးနှင့် လေပြွန်အရောင်ကျဆေးတို့ အဓိကပါဝင်သည်။  သောက်ဆေးအပြင် ရှူဆေးများ ဖြင့်ကုသရသည်။ အချို့ဆေးကုသမှုတွင် လွဲမှားစွာမှတ်သားမှုများရှိသည်။ ရှူဆေးဖြင့်ကုသပါက ရောဂါ အလွန်ဆိုးရွားသောကြောင့် ထင်မှတ်မှားကြသည်မဟုတ်ပါ။ ရှူဆေးဖြစ်သောကြောင့် ဘေးထွက် ဆိုးကျိုး နည်းသွားခြင်းမဟုတ်၊ အချို့သော ဘေးထွက်ဆိုးကျိုးကို လျှော့ချနိုင်သည်။

ရောဂါကုသမှုတွင် ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ရန်၊ ဆေးလိပ်လုံးဝမသောက်ရန်  လွန်စွာ အရေးကြီးသည်။  ပုံမှန်ကိုယ်အလေးချိန်ရှိရန်လည်း ဆေးကုသမှုရလဒ်ကောင်းရန် လိုအပ်သည်။ အခြားသော ကုထုံးများအနေဖြင့် အောက်ဆီဂျင်ကုထုံး၊ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံခြင်း၊ အဆုတ်ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများ၊ ခွဲစိတ်ခြင်းများကို အထူးကုဆရာဝန်များက လိုအပ်သလိုကုသပေးနိုင်ရန် ရက်ချိန်း ပုံမှန်ပြသပြီး ညွှန်ကြားချက်များ အထူးလိုက်နာရန်လိုပါသည်။

နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါအကြောင်း လူထုက ကျယ်ကျယ်ပြန့်ပြန့် သတိပြုလာနိုင်ကြရန်၊ ကာကွယ်ကုသမှုနည်းလမ်းများ ပိုမိုသိရှိလာပြီး ရောဂါဖြစ်ပွားမှု၊ ရောဂါကြောင့် သေဆုံးမှုများလျှော့ချရန်နှင့်     အုပ်ချုပ်ရေး အာဏာပိုင်များ၊ မိသားစုကျန်းမာရေး ဆရာဝန်များအပါအဝင်  ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုများပူးပေါင်း၍ ကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် ရည်ရွယ်ပြီး ၂၀၀၂   ခုနှစ်မှ စတင်ပြီး  နှစ်စဉ်နိုဝင်ဘာလတတိယပတ်(ဗုဒ္ဓဟူးနေ့)ကို ကမ္ဘာ့အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ အထိမ်းအမှတ် နေ့အဖြစ်သတ်မှတ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ပိုမိုသတိပြုစေရန် အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်အတွက် အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Living well with COPD, Everybody... Everywhere” မြန်မာမှုအနေဖြင့် “အဆုတ်ပွလေပြွန် ကျဉ်းရောဂါလူနာတိုင်း...အစဉ်အမြဲကျန်းမာ၊ နေရာတကာ”ဖြစ်သည်။

အချုပ်အားဖြင့် ဆေးလိပ်နှင့်နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ မဖြစ်ပွားအောင် အထူးသတိပြု ဆင်ခြင်ကြရမည်။ ကာကွယ်မှုများပြုလုပ်ရမည်။ ရောဂါဖြစ်ပွားလျှင်လည်း တတ်ကျွမ်းနားလည်သော    ဆရာဝန်တို့၏ ညွှန်ကြားချက်များအတိုင်း လိုက်နာကျင့်သုံးပြီး သာယာသောနေ့စဉ်လူမှုဘဝကို ဖြတ်သန်းနိုင် အောင် ကြိုးစားကြရပေမည်။  ။

မင်းလှိုင်ထော