ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

ယမန်နေ့မှအဆက်

၁၉၆၂ ခုနှစ် အရေးအခင်းတွင် ကျောင်းသားများက ပါမောက္ခချုပ်(ဦးကာဟုထင်သည်)၏ကားကို မီးရှို့ဖျက် ဆီးခဲ့ကြောင်းဖတ်ရှုခဲ့ရသည့်  ကျွန်တော်က  “ဘယ်လိုအရေးအခင်းပဲဖြစ်ဖြစ် ဆရာခ ကိုတော့ ရန်မူမယ် မထင်”ဟုပြောမိပါသေးသည်။ ဆရာခ အငြိမ်းစားယူသောအခါ ပါမောက္ခချုပ်ဖြစ်လာသူမှာ ဒေါက်တာ မောင်ဒီဖြစ်သည်။ “က ကြီး၊ ခ ခွေးပြီးတော့ အေ၊ ဘီ၊ စီ၊ ဒီ”ဟုဆိုကြပါသေးသည်။

ကျွန်တော်တို့ သင်္ချာဌာန၏ပါမောက္ခမှာ ဗိုလ်မှူး ဒေါက်တာချစ်ဆွေဖြစ်သည်။ ဗိုလ်မှူးမှာ တက္ကသိုလ် အရန်တပ်၏ တပ်မှူး ဖြစ်သဖြင့် တပ်မတော်က ခန့်အပ်ထားခြင်းဖြစ်ပါသည်။ နွေရာသီစခန်းချ လေ့ကျင့်ရာ တွင် လိုက်ပါနိုင်ပါက ဗိုလ်မှူးအဆင့် စစ်ဝတ်စုံ ဝတ်ဆင်ရပြီး ဗိုလ်မှူးလစာ ခံစားခွင့်ရှိပါသည်။ သင်္ချာ ဌာနမှူးမှာ ဦးမျိုးညွန့်ဖြစ်ပြီး နောက်ပိုင်းတွင်  နိုင်ငံခြားဘာသာသင် တက္ကသိုလ်၏ ကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့ပါသည်။

ပထမနှစ်တွင်သင်ကြားရသော အခြေခံကဲကုလသင်္ချာကို ကထိက ဒေါ်သိန်းတင့် (မဟာဝိဇ္ဇာ)က  သင်ကြား ပေးပါသည်။ ကျွန်တော်တို့ သင်္ချာဘာသာရပ်မှာ မူလကလက်တွေ့ဆောင်ရွက်ရမှု မပါရှိသဖြင့် ဝိဇ္ဇာဘာသာတွဲ တွင် ပါဝင်သည်ဟုဆိုပါသည်။ နောက်ပိုင်းကျမှသာ အခြေခံသိပ္ပံပညာရပ်အများစု၌ သင်္ချာမပါလျှင်၊ သင်္ချာ မတတ်လျှင် မဖြစ်သောကြောင့် သိပ္ပံဘာသာတွဲဖြစ်လာသည်ဟု ဆိုပါသည်။ သိရှိသူများ အတည်ပြု ပေးကြပါကုန်။

၁၉၇၂ ခုနှစ် ရန်ကုန်တက္ကသိုလ်(ထိုစဉ်က ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်)သို့ တက်ရောက်ရာတွင် ကျွန်တော်တို့ နယ်ကျောင်းသားအားလုံးမှာ ပင်းယဆောင်တွင်လည်းကောင်း၊ နယ်ကျောင်းသူအားလုံးမှာ အင်းလျား ဆောင်တွင် လည်းကောင်း နေထိုင်ကြရပါသည်။ ကျွန်တော်တို့ အခြေခံသိပ္ပံပညာချွန်ဆုရ(သိပ္ပံချွန်)   ကျောင်း သား အားလုံးကို ပင်းယဆောင် အဆောင်မှူး ဒေါက်တာသန်းထိုက်(ကုန်ထုတ်ဓာတုဗေဒ) (အိမ်တွင်းစက်မှု လက်မှုညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့်အနားယူသည်)က အပေါ်ဆုံးထပ်တွင် နေရာချထားပေးပါသည်။

တောသားအချင်းချင်း မကြာမီ ရင်းနှီးသွားပြီး တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါ တော့သည်။ အဆောင်ကျောင်းသားဘဝတွင် ညနေစာ စားပြီးချိန်တိုင်းလိုလို အင်းလျားကန်ဘက်သို့ လမ်းလျှောက်ထွက်လေ့ရှိကြပါသည်။ အဓိပတိလမ်းအတိုင်း ဘွဲ့နှင်းသဘင်အနီး တံခါးပေါက်မှ အင်းလျား လမ်းသို့၊  ၎င်းမှ ကန်ပေါင်သို့  လမ်းလျှောက်ကြပါသည်။

ရံဖန်ရံခါတွင် ကန်ပေါင်အဆုံးအထိ လျှောက်ပြီးများသောအားဖြင့် ကန်ပေါင်အလယ် (တံတားဖြူတည့်တည့်) လောက်မှ ပြန်လှည့်ကာ ပြည်လမ်းမကြီးအတိုင်း လှည်းတန်းလမ်းဆုံသို့ လျှောက်ကြပါသည်။ လှည်းတန်း လမ်းဆုံတွင် ဈေးဆိုင်တန်းများ၌ လျှောက်ကြည့်ပြီး စာအုပ်ဆိုင်တွင် အသစ်ထွက်သော စာအုပ်များ  မြည်းစမ်းကြပါသည်။ ထိုစဉ်က လစဉ်စာအုပ်အမြောက်အမြား ထွက်ရှိပြီး စိတ်ဝင်စားသောစာအုပ်ကို စာအုပ်ဆိုင်တွင် ဖတ်ရှုနိုင်ပါသည်။ မှတ်မှတ်ရရ ဘာသာပြန်ဝတ္ထုတစ်အုပ်ဆိုလျှင် နေ့စဉ်နည်းနည်းစီ ဖတ်သွားရာ စာအုပ်တစ်အုပ်လုံး မကြာမီ ဖတ်ရှုပြီးစီးသွားပါတော့သည်။

လှည်းတန်းမှအပြန်တွင် ရာမညဆောင်ရှေ့ရှိ အပေါက်မှဝင်၍ ဦးချစ်ဆိုင်အနီးမှ ဖြတ်ကာ တောင်ငူ ဆောင်အရှေ့မှထွက်ပြီး ရွှေဘိုဆောင်ရှေ့ဖြတ်လျက် အဓိပတိလမ်း အတိုင်း အဆောင်သို့ပြန်လေ့ရှိပါသည်။ ရံဖန်ရံခါ ပြည်လမ်းလိပ်ခုံးတွင် ပန်းချီပြပွဲ၊ စာအုပ်ပြပွဲ၊ သံရုံးများမှ ပြပွဲများရှိပါက လမ်းလျှောက်၍ သွား ကြည့်ကြပါသည်။ 

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ရံဖန်ရံခါ ရွှေတိဂုံဘုရားသို့ လမ်းလျှောက်၍ သွားဖူးကြပါ သေးသည်။ အင်းလျားလမ်း အတိုင်းသွား၍ ဘောင်ဒရီလမ်း၊ လင့်လမ်းမှတစ်ဆင့် အာဇာနည်ကုန်း အနီးမှဖြတ်၍ မြောက်ဘက်မုခ်မှ တက်ရောက်ဖူးမြော်ကြပါသည်။ ဆောင်းရာသီ လူထုအားကစားလ လမ်း လျှောက်ပွဲများ ကျင်းပရာတွင်လည်း အဆောင်များမှထွက်၍ ပြည်လမ်းမအတိုင်း ဟံသာဝတီအဝိုင်းအထိ အသွား၊ အပြန်လမ်းလျှောက်ကြပါသည်။ ထိုစဉ်က ကားအစီးရေ မများသေးသဖြင့် လမ်းလျှောက်ရသည်မှာ အင်မတန်ကောင်းပါသည်။ 

ထိုစဉ်က ရန်ကုန်မြို့တွင် ကျွန်တော်မှတ်မိသလောက် ဘတ်စကားလိုင်း ၁၇ လိုင်းရှိပြီး ကျွန်တော်တို့ကျောင်း အနီးတွင် ဖြတ်သော ဘတ်စကားများမှာ “၈”၊ “၉”နှင့် “၁၆” တို့ဖြစ်ပါသည်။   “၈” ကားသည် အင်းစိန်မှ ဗိုလ်တထောင်သို့ပြေးဆွဲပြီး “၉”ကားသည် ထောက်ကြံ့မှ ဗိုလ်တထောင်သို့ ပြေးဆွဲပါသည်။ “၁၆”ကားမှာ သင်္ဃန်းကျွန်းမှ တောင်ဥက္ကလာသို့ ပြေးဆွဲပါသည်။ ကျွန်တော်တို့ကျောင်းမှ မြို့ထဲ(ဆူးလေ)သို့ ကားခပြား ၂၀ ဖြစ်ပြီး အင်းစိန်သို့လည်း ပြား ၂၀ ပင်ဖြစ်ပါသည်။ လှိုင်နယ်မြေရှိ သမိုင်းကျောင်းဆောင်များသို့ ၁၀ ပြားဖြစ် ပါသည်။  စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် တိ၊ မွေး၊ ကု တက္ကသိုလ်တက်သော ကျောင်းသားများမှာ သမိုင်းဆောင်များတွင် နေထိုင်ကြရပါသည်။ ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်းရှိရာ သမိုင်း ကျောင်းဆောင် များသို့ ရံခါသွားရောက်လည်ပတ်ကြပါသည်။ ထိုကျောင်းဆောင်များမှ ကျောင်းသားများ ကျောင်းတက်ရန်  လပေးလက်မှတ်ပြုလုပ်ခွင့်ပေးထားသဖြင့် ထိုကျောင်းသားအများစုမှာ လပေးလက်မှတ်ဖြင့် ဘတ်စကား စီးကြပါသည်။ စက်မှု တက္ကသိုလ်မှ အတန်းကြီးကျောင်းသားများမှာမူ စက်မှုတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် A မှ F အထိ ကျောင်းဆောင်များတွင် နေထိုင်ကြပြီး မိန်းကလေးများ၏ အဆောင်မှာ နာမည်ကျော် ဂျီဟောဖြစ်သည်။

ထိုစဉ်က တက္ကသိုလ်ကျောင်း စဖွင့်ရက်မှာ စက်တင်ဘာလ ၁ ရက်နေ့ဖြစ်ပြီး ပထမနှစ် သင်တန်းဖွင့်ရက်မှာ စက်တင်ဘာ ၇ ရက်ဖြစ်ပါသည်။ ဒီဇင်ဘာ ခရစ္စမတ်မတိုင်မီ ပထမစာမေးပွဲကို ဖြေဆိုကြရပြီး ယင်း စာမေးပွဲမှာ အတန်းတင်စာမေးပွဲ အတွက်  ၄၀ ရာခိုင်နှုန်းယူပါသည်။ စာမေးပွဲဖြေပြီး ကျောင်း ၁၀ ရက်ပိတ်ပါ သည်။ နှစ်လယ်စာမေးပွဲကို မတ်လတွင် ဖြေဆိုကြရပြီး အတန်းတင်စာမေးပွဲအတွက် ၁၀ ရာခိုင်နှုန်း ယူပါသည်။ ဧပြီ တစ်လ ကျောင်းပိတ်ပါသည်။ ဇွန်လနောက်ဆုံးပိုင်း တွင် အတန်းတင်စာမေးပွဲဖြေဆိုကြရပြီး ဇူလိုင်၊ သြဂုတ်နှစ်လ ကျောင်းပိတ်ပါသည်။

ကျွန်တော်တို့ ပထမနှစ်တက်ရသည့် ၁၉၇၂ -၁၉၇၃ ကာလမှာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရပြီး ဒုတိယနှစ်အရောက်တွင် အရေးအခင်းများ စတင်ကြုံတွေ့ရပါတော့သည်။ ကျွန်တော်တို့ ဒုတိယနှစ် ၁၉၇၄ ခုနှစ်တွင် အလုပ်သမား အရေးအခင်းစတင်ဖြစ်ပွားခဲ့ရာ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်းချည်မျှင်နှင့်အထည် စက်တို့တွင် အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ တက္ကသိုလ်များပိတ်ခဲ့ရပြီး မိမိနေရပ်သို့ ပြန်ခဲ့ကြရ ပါသည်။

ကျွန်တော်တို့ တတိယနှစ် ၁၉၇၅ ခုနှစ်တွင် ဦးသန့်အရေးအခင်းဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်မှ အနားယူခဲ့သော မြန်မာနိုင်ငံသား ဦးသန့်သည် အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ပြီး ကြွင်းကျန်သော ရုပ်ကလာပ် ကို ရန်ကုန်မြို့သို့ ပြန်လည်သယ်ယူလာရာ ဈာပနအခမ်းအနားကို ကျိုက္ကဆံကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့ကြပါသည်။ ဈာပနကျင်းပမည့်နေ့တွင် ကျွန်တော်တို့အပါအဝင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အခြားကျောင်းသား၊ ကျောင်းသူများ၊ အရပ်သူ၊ အရပ်သားများ ကျိုက္ကဆံကွင်းသို့ လမ်းလျှောက်ချီတက်၍ သွားရောက်စုဝေးကြပါသည်။ အခမ်းအနားပြုလုပ်ပြီး အစီ အစဉ်အရ ရုပ်ကလာပ်ကို  ကြံတောသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ရန်ဖြစ်သော်လည်း  ကျောင်းသားအချို့က ဦးသန့်သည် ကမ္ဘာသိ၊ မြန်မာ့ဂုဏ်ဆောင်တစ်ဦးဖြစ်သဖြင့်  ကြံတောသုသာန်တွင် သာမန်လူကဲ့သို့ သင်္ဂြိုဟ် ရန်မသင့်ကြောင်း၊ ဂူဗိမာန်လုပ်သင့်ကြောင်းဆိုကာ ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်သို့ သယ်ယူမည်ဟု ဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့လည်း လူအုပ်ဖြင့် ပါသွားပါတော့သည်။

ကျွန်တော်တို့ပင်းယဆောင်မှာ အဓိပတိလမ်းဘေးတွင်ရှိနေသဖြင့် လူအုပ်လိုက် အဓိပတိလမ်းတစ်လျှောက် ရုပ်ကလာပ်အား သယ်ဆောင်သွားသည်ကိုလည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမရှိ သံဘာဂျာတံခါးများကို လူအားဖြင့်ဆွဲဖျက်ပြီး ဘွဲ့နှင်းသဘင်ခန်းမအတွင်း ရုပ်ကလာပ်ထားရှိခြင်း၊ ဟောပြောပွဲကျင်းပခြင်းတို့ကို လည်းကောင်း မျက်မြင်ကိုယ်တွေ့ကြုံတွေ့ကြရပါသည်။ ထိုညတွင် တက္ကသိုလ်ကျောင်းများကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ရာ ကျွန်တော်တို့အများစုလည်း အိမ်ပြန်ကြရပါတော့သည်။ ဤအရေးအခင်းတွင်  ပါဝင်မိသော သူငယ်ချင်းတစ်ယောက်နှင့်ညီငယ် တစ်ယောက်  ထောင်ဒဏ်ကျခံရသည်ကိုလည်း ဝမ်းနည်းစွာ ကြုံတွေ့ရပါသည်။

တတိယနှစ်စာမေးပွဲများကို မိမိတို့ရပ်ရွာများတွင် ဖြေကြားကြရရာ မေမြို့ ယခု(ပြင်ဦးလွင်) အထက(၁) စာစစ်ဌာနတွင် ရန်ကုန်တက္ကသိုလ်သင်္ချာ တတိယနှစ်မှဖြေဆိုသူမှာ ကျွန်တော် တစ်ယောက်တည်းသာရှိ ပါသည်။ မန္တလေးတက္ကသိုလ်မှ ကျောင်းသားများပါသည်။ ကျောင်းများပြန်ဖွင့်၍ စတုတ္ထနှစ်သင်တန်း တက်ရသော ၁၉၇၆ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့်ဆူပူမှုထပ်မံဖြစ်ပွားပြန်ပါသည်။ ကျောင်းများ လည်း ထပ်မံပိတ်ရပြီး ၁၉၇၇ ခုနှစ်  မတ်လရောက်မှသာ စတုတ္ထနှစ်စာမေးပွဲများဖြေဆိုကြရပါတော့သည်။ ၁၉၇၆ ခုနှစ်တွင် ဘွဲ့ရရမည်ဖြစ်သော်လည်း အရေးအခင်းသုံးခု ဆက်တိုက်ကြုံသဖြင့် ၁၉၇၇ ခုနှစ် မတ်လ ရောက်မှသာ ဘွဲ့ရပါတော့သည်။ အရေးအခင်းများနှင့် ပတ်သက်၍ လမ်းစဉ်ပါတီအစိုးရက ယူဂျီများကြောင့် ဟု ဆိုသော်လည်း ကျွန်တော်တို့ ကျောင်းသားဘဝက အပြည့်အဝမယုံခဲ့ပါ။ သို့သော် နောက်ပိုင်း ဒုတိယ အကြိမ်ကျောင်း သားဘဝပြန်ရောက်မှသာ ကျွန်တော်တို့ သိပ္ပံချွန်ထဲမှ နောင်တော်ကြီးတစ်ဦးသည် ပင်းယဆောင်မှပင် ကျောင်းပိတ်ရက်များ၌ ဗကပ ဗဟိုရှိရာ ပန်ဆန်းအထိသွားရောက်ခဲ့ဖူးကြောင်း သိရှိရပါသည်။ မထင်ထားမိပါ။ ယခုဆုံးပါးသွားရှာပြီဖြစ်သော ယင်းနောင်တော်ကြီးက ရောဂါသည်းချိန်တွင် ပြောခဲ့သည်မှာ “ငယ်ငယ်က နိုင်ငံတော်ကြီးကို ငါကယ်မှဖြစ်မယ်လို့ ထင်ခဲ့မိတယ်။ အခုတော့  နိုင်ငံတော်ကြီး က ငါ့ကိုကယ်မှ ရတော့မယ်”ဟူ၏။

မဟာသိပ္ပံနောက်ဆုံးနှစ်  အပိုင်း(က) သင်တန်းသို့တက်ရောက်ချိန်တွင် ကျွန်တော်တို့ စစ်ကိုင်းဆောင် သို့ပြောင်းရွှေ့နေထိုင်ကြရပါသည်။ ထိုကာလက အလုပ်အကိုင် အခွင့်အလမ်းအလွန်ရှားပါးသဖြင့် တတိယ နှစ်တက်ချိန်မှစ၍   ကမာရွတ်မြို့နယ် အလုပ်သမားမှတ်ပုံတင်ရုံးတွင် အလုပ်သမားမှတ်ပုံတင်ထားခဲ့ပါသည်။ ဘွဲ့တစ်ခုရပြီးဖြစ်၍  နေ့စဉ်သတင်းစာများတွင် အလုပ်အကိုင်ခေါ်စာများကြည့်ရှုပြီး အလုပ်လျှောက်ရန် တာစူကြပါတော့သည်။

ပထမဦးဆုံးခေါ်သော အလုပ်မှာ ဘွဲ့ရဗိုလ်လောင်းများ ခေါ်ယူခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ သိပ္ပံချွန် သူငယ်ချင်း ခြောက်ယောက် ဝင်ရောက်ဖြေဆိုကြရာ ခြောက်ယောက်လုံး အောင်မြင်ကြပါသည်။ လူ ၅၀၀ ကျော် ဝင်ရောက်ဖြေဆိုပြီး ၈၃ ယောက် အောင်မြင်သည်ဟု သိရှိရပါသည်။ မှော်ဘီဗိုလ်သင်တန်းကျောင်းသို့ သတင်းပို့ရမည့်ရက်မှာ ၁၉၇၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ဖြစ်ပြီး ပါဝင်ရမည့်စာရွက်စာတမ်းများတွင် ပုံစံ-၁၀ ပါရှိသဖြင့်  မိဘရပ်ထံပြန်၍ ပုံစံ-၁၀ ပြန်ထုတ်ကြရပါသည်။ ကိုကျော်တင်နှင့် ကိုအောင်သူတို့မှာ မိဘများက ပုံစံ-၁၀ ထုတ်မပေးဘဲ အချိန်မီမရောက်အောင် ခေါ်ထားလိုက်ကြပါသည်။ ကျန်သူငယ်ချင်းလေးဦးမှာ စစ်ကိုင်း ဆောင်မှပင် ကျောင်းထွက်ခွင့်တင်ပြီး ဗိုလ်သင်တန်းကျောင်းသို့ သတင်းပို့ခဲ့ကြပါတော့သည်။

ဒီဇင်ဘာလအတွင်း ကျန်းမာရေးဆေးစစ်ခြင်းနှင့် သင်တန်းမဝင်မီ ပြင်ဆင်ဖွယ်များ ဆောင်ရွက်ရပြီး ဇန်နဝါရီလဆန်းတွင် သင်တန်း စတင်ဖွင့်လှစ်ပါသည်။ တက္ကသိုလ်က ကျောင်းထွက်ခွင့်ကို ခွင့်ပြုပြီး “ကျတစ်ကျ”အဖြစ်သတ်မှတ်၍ မဟာသိပ္ပံဘွဲ့အတွက် ခွင့်ပြုကာလငါးနှစ်တွင် အကျုံးဝင်ကြောင်း ပြန်ကြား ခဲ့ပါသည်။ ဒုတိယခေါ်ယူသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ စာရေးဝန်ထမ်းအဖြစ် ကိုခင်မောင်ကြွေ နှင့်ကိုကျော်ဆွေတင့် တို့နှစ်ဦးဝင်ရောက်သွားခဲ့ကြောင်းသိရသည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ကုန်အထိ ရန်ကုန်တက္ကသိုလ်တွင်နေခဲ့ရသော ကာလများမှာ ဘဝ၏အကောင်းဆုံး၊ အပျော်ရွှင်ရဆုံး ကာလများပင်ဖြစ်သည်။ ဝါသနာပါရာကို မိမိစိတ်တိုင်းကျဆောင်ရွက်နိုင်ခွင့် အပြည့်အဝ ရရှိခဲ့ကြပါသည်။ ကျွန်တော်တို့ သူငယ်ချင်း   မုံရွာသားကိုမြင့်သိန်းမှာ အီလက်ထရွန်နစ် ဝါသနာပါပါသည်။ သိပ္ပံပစ္စည်းစက်ရုံမှ  ငွေ ၅၀ ကျပ်တန် ရေဒီယိုစက်ပစ္စည်းများဝယ်ယူ၍ ရေဒီယိုတစ်လုံးကို အခန်းတွင် ကိုယ်တိုင်ဆင်ယူပြီး မြန်မာ့အသံကို အချိန်ပြည့်ဖမ်းထားပါသည်။ ထိုစဉ်က  ရုပ်မြင်သံကြားမပေါ်သေးပါ။  မြန်မာ့အသံသည် ပြည်သူတို့ အားလုံး၏အသည်းစွဲဖြစ်ပါသည်။ မြန်မာ့အသံမှလာသော ရေဒီယိုသီချင်း များသည် လူအများစုနှုတ်ဖျားတွင်  စွဲနေပါသည်။ လူတိုင်းလိုလို အနည်းဆုံးတော့ ရေချိုးခန်း မင်းသားအဖြစ် သီချင်းဟစ်ကြပါသည်။ မည်သူကိုမျှ အားနာစရာမလိုပါ။

ပထမနှစ်သင်တန်းများကို မန္တလေးဆောင်တွင် သင်ကြားကြရပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘူမိဗေဒတို့ကို သင်ကြားရပါသည်။ ဆယ်တန်းအောင်စဉ်က ဇီဝဗေဒယူခဲ့သော်လည်း   တက္ကသိုလ် တွင် ဇီဝဗေဒ ယူပါက သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနနှစ်ခုခွဲ၍ သင်ယူရမည်ဖြစ်သဖြင့် အများစုမှာ တစ်ဘာသာတည်းဖြစ်သော ဘူမိဗေဒကို ယူကြပါသည်။ ဒုတိယနှစ်မှစ၍ ပင်မဆောင်ရှိ သင်္ချာဌာနစာသင်ခန်းများတွင် ပညာသင်ကြားရပါသည်။ ဒုတိယနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာဘာသာခွဲလေး ခုနှင့် သင်္ချာယုတ္တိဗေဒ သို့မဟုတ် ဓာတုဗေဒတို့ကို မိုင်နာအဖြစ်သင်ယူကြရရာ ကျွန်တော်က ဓာတုဗေဒ မိုင်နာယူခဲ့ပါသည်။ တတိယနှစ်နှင့် စတုတ္ထနှစ် နှစ်တန်းလုံးတွင် သင်္ချာဘာသာခွဲခြောက်ခုစီ သင်ကြား ရပါသည်။

ညနေ စာသင်ချိန်များအပြီး အားကစားပွဲများလည်း အမြောက်အမြားရှိရာ ကြိုက်နှစ်သက်ရာအားကစားကို ကိုယ်တိုင်ပါဝင် ဆင်နွှဲနိုင်သလို သွားရောက်အားပေးနိုင်ခြင်းလည်းရှိပါသည်။ ဘောလုံးပွဲများကို  ပုဂံလမ်းရှိ ဘောလုံးကွင်းတွင်လည်းကောင်း၊ ဘော်လီဘောနှင့် ဘတ်စကက်ဘောပြိုင်ပွဲများကို အပန်းဖြေရိပ်သာ (RC)တွင် လည်းကောင်း သွားရောက်အားပေးကြပါသည်။  ဘာသာရပ်အသင်းများအပြင် အဆောင်လိုက် အသင်းများခွဲ၍ အကြိတ်အနယ်ယှဉ်ပြိုင်ကြပါသည်။ ယင်းအားကစားပွဲများကို အပန်းဖြေရိပ်သာအပြည့် အော်ဟစ်အားပေးလေ့ရှိကြပါသည်။ အင်းလျားကန်တွင် လှေလှော်ရွက်တိုက်အသင်းရှိပြီး  ယင်းအသင်းဝင် ရောက်၍ လှေလှော်ရွက်တိုက်ကြသော ကျောင်းသား၊ ကျောင်းသူများလည်း အများအပြားရှိပါသည်။

ကျွန်တော့်အနေဖြင့်  စာဂျပိုးလုပ်ပြီး တက္ကသိုလ်များစာကြည့်တိုက်မှ  စာအုပ် ပေါင်းများစွာ(ဝတ္ထုများများ)  ဖတ်ရှုခဲ့ပါသည်။ ယခုအချိန်အထိ ကန်တော့ခံအဖြစ် ကန်တော့ခံရတိုင်း မကြာခဏပြန်လည် ကိုးကား ပြောပြဖြစ်သော လီယိုတော်စတွိုင်း ၏  “အဘိုးအိုနှစ်ယောက်” (ဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုများမှ “ဘုရားဖူးသွားခြင်း”)သည်မှတ်မိနေသောစာတစ်ပုဒ်ဖြစ်သည်။

ကျွန်တော် တက္ကသိုလ်စတက်ခါစက ကျောင်းထဲတွင် စစ်သားများ ကျောင်းတက်နေသည်ကိုတွေ့ရသဖြင့် အနည်းငယ် အံ့သြမိပါသည်။  နောက်ပိုင်းကျမှသာ တက္ကသိုလ်အရန်တပ်ရင်း(UTC) တပ်ဖွဲ့ဝင်များဖြစ်ပြီး   ညနေပိုင်းတွင် စစ်ပညာသင်တန်းလေ့ကျင့်နိုင်ရန် မနက်ကျောင်းလာစဉ်ကပင် ယူနီဖောင်းဝတ်လာကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကျွန်တော်တို့ သူငယ်ချင်း ကိုဇော်ဝင်းနိုင်မှာ ယူတီစီဝင်ထားသဖြင့် သင်တန်း ရှိသောရက်တွင် တက္ကသိုလ်ရိပ်သာလမ်း  တောင်ဘက်ရှိ ယူတီစီဝင်းအတွင်းသွား၍   စစ်ပညာ သင်ကြားမှုပြု လုပ်ပါသည်။ ၎င်းနှင့်အတူ ယူတီစီတက်သော သူငယ်ချင်းများကိုလည်း ကျွန်တော်တို့သိကျွမ်းရာမှ  တက္ကသိုလ်အပေါင်းအသင်း ပိုမိုကျယ်ပြန့်လာပါသည်။ ကျွန်တော်တို့  ဗိုလ်လောင်းသင်တန်းတက်ချိန်တွင် ယူတီစီမှ အချို့ပါဝင်လာပြီး အချို့မှာ တက်ရောက်လိုသော်လည်း အရေးအခင်းများကြောင့် ကျောင်းပိတ်ရက် ရှည်သွားပြီး ဘွဲ့ရနောက်ကျသဖြင့် အသက်ကန့်သတ်ချက် မမီတော့ကြောင်းသိရှိရပါသည်။                

ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသား ပြန်ဖြစ်ခြင်းမှာ တွက်ချက်ရေးဒီပလိုမာ သင်တန်းတက်ရောက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဗိုလ်သင်တန်းဆင်းပြီး ခြေလျင်တပ်ရင်း နှစ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့ရပါသည်။ ၁၉၈၆ ခုနှစ်တွင် ကျွန်တော်တို့ရွယ်တူတန်းတူအရာရှိများအား ဦးစီးအရာရှိငယ်များအဖြစ် ပြောင်းရွှေ့ ခန့်အပ် တာဝန်ပေးရာတွင် ကျွန်တော့်၌ ဦးစီးအရာရှိအဖြစ် တာဝန်ပေးအပ်နိုင်ရန် သင်တန်းတစ်စုံတစ်ရာမျှ တက်ရောက်ခဲ့ဖူးခြင်းမရှိသဖြင့် ပညာရေးတပ်ဖွဲ့(အရန်အင်အားစု)သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့ပါသည်။  ထိုတပ်ဖွဲ့မှာ ကမ္ဘာစစ်ကြီးအပြီး  မြန်မာ့တပ်မတော်ပြန်လည်ဖွဲ့စည်းချိန်၌ တပ်မတော်သား အများစုမှာ စစ်ကာလကြောင့် ပညာရေးအားနည်းခဲ့သဖြင့် “အ” သုံးလုံးကြေမှစ၍ အတန်းပညာများကို  သင်ကြားပေးရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်ရောက်ရှိချိန်တွင် တပ်မတော်သားများ၏ ပညာရည် အထိုက်အလျောက် မြင့်မားလာပြီဖြစ်သည့်အလျောက် တပ်ဖွဲ့၏ လုပ်ငန်းများမှာ အတော်နည်းပါးသွားပြီဖြစ်ရာ စစ်ရုံးရှိ ပညာရေးဌာနစုသို့ တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ထိုဌာနစုတွင် တာဝန်ထမ်းဆောင်စဉ် ကျွန်တော်၏ ရှေ့မှ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး သန်းမြင့်(ငြိမ်း)မှာ ဘီအီးဒီဘွဲ့ရယူခဲ့ပါသည်။ ထိုအစဉ်အလာ အရ ကျွန်တော်လည်း ဘီအီးဒီဘွဲ့သင်တန်းတက်ခွင့်ပြုရန် တင်ပြရာ ဦးစီးအရာရှိ(ပထမတန်း)မှ သဘော မတူခဲ့ပါ။

ထိုအချိန်တွင် တွက်ချက်ရေးဒီပလိုမာ(DAC)သင်တန်းကို တက္ကသိုလ်များ ကွန်ပျူတာဌာနက လျှောက်လွှာ ခေါ်ယူခဲ့ပါသည်။ ဦးစီးအရာရှိ(ပထမတန်း)ထံ နှစ်ကြိမ်၊ သုံးကြိမ်တင်ပြပြီး ခွင့်ပြုချက်ရယူ၍ ဖြေဆိုခွင့် လျှောက်လွှာတင်ခဲ့ရပါသည်။

ဌာနဆိုင်ရာဝန်ထမ်းများကို ခေါ်ယူသော အချိန်ပိုင်းသင်တန်းဖြစ်သဖြင့် ဌာန၏ ခွင့်ပြုချက်လိုအပ်ပါသည်။ ဝင်ခွင့်စာမေးပွဲကို တက္ကသိုလ်များ ကွန်ပျူတာဌာနတွင် သွားရောက်ဖြေဆိုရပါသည်။ ကြားသိရသည်မှာ   လျှောက်လွှာတင်သွင်းသူ ၁၀၀၀ ခန့်၊ ဖြေဆိုသူ ၉၀၀ ကျော်၊ ရေးဖြေအောင်မြင်သူ ၈၀ ခန့်ရှိကြောင်းသိရပြီး လူတွေ့၊ နှုတ်ဖြေစာမေးပွဲဖြေဆိုပြီးနောက် သင်တန်းတက်ရောက်ရန် ၅၃ ဦး ရွေးချယ်ခံခဲ့ရပါသည်။   တပ်မတော်မှ သုံးဦးတက်ရောက်ခွင့်ရခဲ့ရာ စစ်ရုံးမှ ဗိုလ်ကြီးကံထွန်း(ဗိုလ်မှူး-ငြိမ်း)၊ ကျွန်တော်နှင့် တပ်မတော်မှတ်တမ်းရုံးမှ  ဗိုလ်ကြီးအောင်မြင့်တို့ဖြစ်သည်။

သင်တန်းချိန်မှာ နံနက် ၇ နာရီမှ ၉ နာရီဖြစ်ပြီး လက်တွေ့လေ့ကျင့်ချိန်အဖြစ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီခွဲ အထိဖြစ်ပါသည်။ ထိုစဉ်က တက္ကသိုလ်များကွန်ပျူတာဌာနမှာ  ရန်ကုန်တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သဖြင့် ကျောင်းလခ၊ စာမေးပွဲကြေးစသည့် ကိစ္စရပ်များကို ရန်ကုန်တက္ကသိုလ် ငွေစာရင်းဌာနတွင် သွားရောက် ဆောင်ရွက်ခဲ့ရပါသည်။ သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ်သို့ ဒုတိယအကြိမ်  တက်ရောက်ခဲ့ရသည်ဟု ဆိုခြင်း ဖြစ်ပါသည်။ ကျွန်တော်ရရှိသော သိပ္ပံဘွဲ့(သင်္ချာ)နှင့် တွက်ချက်ရေးဒီပလိုမာ နှစ်ခုလုံးမှာ လက်ရှိရန်ကုန် တက္ကသိုလ်မှ ရရှိခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ DAC အတန်းထဲမှ ထင်ရှားသူမှာဦးခွန်ဦး (မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ) ဖြစ်ပါ သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာကြည်စိုးမှာလည်း အတန်းဖော် တစ်ဦးဖြစ်ပါသည်။ အများသိကြမည့် အတန်းဖော်တစ်ဦးမှာ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင် (အာဇာနည်ခေါင်း ဆောင်ကြီး မန်းဘခိုင်၏ သမီး)ဖြစ်ပါသည်။

ထိုစဉ်က ဆရာမကြီးမှာ  ရန်ကုန်စက်မှုတက္ကသိုလ် သင်္ချာဌာနတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါသည်။ ထိုသင်တန်း တက်ရောက်နေသည့် ကာလအတွင်းမှာပင် ၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာပါသည်။  ကျွန်တော်တို့ကျောင်းသားအားလုံးမှာ ဝန်ထမ်းများဖြစ်ကြသည့်အလျောက် ကိုယ့်တာဝန်ကိုယ်ထမ်းရင်း အရေးအခင်းကို ကျော်ဖြတ်ကြရပါတော့သည်။

ကျွန်တော် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသား နှစ်ကြိမ်ဖြစ်ခဲ့ရာ နှစ်ကြိမ်လုံးပင် အရေးအခင်းများနှင့် ကြုံခဲ့ရပါသည်။ ဘွဲ့မရမီ အရေးအခင်းများကိုရှောင်ခဲ့စဉ်က အရေးအခင်းပါကျောင်းသားများ၏   ဆဲဆိုမှုများ ခံခဲ့ရပြီး ဒုတိယအကြိမ် အရာရှိငယ်ဘ၀ ၈၈ အရေးအခင်းတွင် မိမိတို့တာဝန်ထမ်းဆောင်နေသည့် စစ်ရုံးအား လာရောက်ဆဲဆိုကြသည်ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံ့တာဝန်ကို ကျရာနေရာမှ  ထမ်းရွက် ရင်း ကျော်ဖြတ်ခဲ့ပါသည်။

ကျွန်တော်၏မိသားစုငါးယောက်တွင်  ကျွန်တော်က သင်္ချာ၊ ဇနီးသည်က ဓာတုဗေဒ၊ သမီးလတ်က ဓာတုဗေဒ ဘာသာရပ်တို့ဖြင့် သိပ္ပံဘွဲ့များကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ကြပါသည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသူ သုံးဦးရှိပါပြီ။ သမီးလတ် အခြေခံပညာ အထက်တန်းအောင်သောကာလတွင် ထူးချွန်ကျောင်းသားအစီအစဉ်  စတင်ပေါ်ပေါက်လာရာ သမီးလတ်ကို   သူငယ်ချင်းဒေါက်တာ အောင်သူရှိရာ ရန်ကုန်တက္ကသိုလ်သို့ ဓာတု ဗေဒထူးချွန် တက်ရောက်စေခဲ့ပါသည်။ မိမိတို့ သိပ္ပံချွန်မျိုးဆက် အမွေပေးလိုရင်း ဖြစ်သည်။ စာရေး ဆရာမကြီး မမြတ်လေး(ဒေါ်သိန်းဆိုင်)သည် အသက် ၉၀ တွင် မြေးဖြစ်သူများနှင့်အတူ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ကြောင်း ဖတ်ရှုမှတ်သားရပါသည်။ ကျွန်တော်လည်း မပြီးဆုံးခဲ့သော မဟာသိပ္ပံဘွဲ့(သင်္ချာ) ကို ဆက်လုပ်လျှင် ကောင်းလေမည်လားဟု  စဉ်းစားခဲ့မိပါသည်။

သို့သော်လည်း ပထမအကြိမ်ကျောင်းသားဘ၀ အရေးအခင်း သုံးကြိမ် ကြုံတွေ့ခဲ့ ရပြီး ကျွန်တော် ကျောင်းမှထွက်သွားချိန်တွင် အေးချမ်းသွားသည်ဟုဆိုနိုင်သည်။ ဒုတိယအကြိမ် ကျောင်းသားဘဝတွင် ၈၈ အရေးအခင်းကြီးဖြစ်ပွားပြန်ပါသည်။ ယခုတတိယအကြိမ် ကျောင်းသားဘဝခံယူလိုက်လျှင် အရေးအခင်း တစ်ခုများ ပြန်ဖြစ်လေမည်လား စိတ်ထင့်နေမိပါသည်။ 

ကျွန်တော် နောက်ဘ၀ မြန်မာနိုင်ငံတွင် လူပြန်ဖြစ်ခွင့်ရပါက ရန်ကုန်တက္ကသိုလ်သို့ ပြန်တက်ချင်ပါ သေးသည်။ ယခုဘဝတွင် မပြီးဆုံးခဲ့သော မဟာဘွဲ့ရအောင်ကြိုးစားလိုပါသေးသည်။ မလေ့လာဖြစ်ခဲ့သော ဘာသာရပ်များ   (ဥပမာ- သမိုင်း/ရှေးဟောင်း/သုတေသန/...စသည်)တို့ကိုလည်း မအအောင်  လေ့လာလိုပါ သေးသည်။

မဖြစ်ခဲ့သော တက္ကသိုလ်ဆရာတစ်ဦးဘဝကိုလည်း ခံယူလိုပါသေးသည်။ ကျွန်တော်တို့ဘဝများစွာအတွက် အရေးပါလှသော အမိရန်ကုန်တက္ကသိုလ်ကြီးကို အမှတ်ရတမ်းတလျက် မိမိတို့ကျောင်းသားဘ၀  မှတ်မိသမျှ   ရေးသားဖော်ပြရင်း ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲကို ဂုဏ်ပြု

လိုက်ပါသည်။   ။

စိန်ဝင်း(၄၀)